မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
December 4, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး တစ်ယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မင်းလှကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ညနေ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုပိုးတွေ့လူနာ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးဟာ အနံ့မရလို့ ဆေးရုံလာပြတာကြောင့် RDT Test Kit နဲ့စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းလှမြို့နယ် ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။
အတည်ပြုလူနာနဲ့ ထိတွေ့မိသူတွေကို စာရင်းပြုစုနေပြီး Quarantine ထားရှိကာ ရောဂါပိုးရှိ/မရှိစစ်ဆေးသွားမယ်လို့ ဒေါက်တာလှဝင်းက ဆိုပါတယ်။
ပိုးတွေ့ရှိတဲ့ မင်းလှမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်အမျိုးသမီးဟာ အုတ်ဖိုမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး အုတ်ဖိုမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက် ရှိပြီလို့သိရပါတယ်။
အတည်ပြုလူနာရဲတပ်ဖွဲ့ဝင် အမျိုးသမီးနဲ့ ထိတွေ့မိတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက် လောက်ကို Quarantine ထားရှိထားပြီး မင်းလှမြို့မ ရဲစခန်းကိုတော့ လော့ဒေါင်းချထားတာ မရှိပါဘူးလို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မိုးဝင်းက ပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ညနေအထိ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၂၀၀ အထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၅ ယောက်နဲ့ ဆေးကုသမှုခံယူနေသူ ၁၅ ယောက် ရှိပါတယ်။
သက်နိုင်ဝင်း