Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်၌ ကိုဗစ်ထောက်ပံ့ငွေ မမှန်မကန်ပေးခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ
DVB
·
December 2, 2020
128773094_1004472733370403_4775767378848270919_n
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ  ကိုဗစ်ကာလ ပုံမှန်ဝင်ငွေပုံမှန်မရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေကို  ၄ ကြိမ်ပေါင်းပြီး တစ်ခါတည်းပေးခဲ့လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဦး  စစ်ဆေးခံနေရပါတယ်။ မြင်းကကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုလေးနိုင်ဆိုသူမှာ အိမ်ခြေ ၁၀၀ အတွက် တကြိမ်လျှင် ၉၀၀၀ ကျပ်နဲ့ ၃၆၀၀၀ ကျပ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တစ်ကြိမ်တည်း ပေါင်းပေးခဲ့တဲ့ အပေါ် ဒေသခံတွေက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ မြင်းကကုန်း စျေးပိုင်းရပ်မှာ နေထိုင်သူ ဦးရန်ပိုင်က "နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်က ကျနော်တို့ ရာအိမ်စုကို အစည်းအဝေး ခေါ်တယ် ဆိုလို့သွားတော့ နိုင်ငံတော်က ကိုဗစ်ထောက်ပံငွေများ ရရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောတဲ့အတွက် သိရပါတယ်။ တစ်ကြိမ်ရငွေ ၉၀၀၀ ကျပ်ကို လေးကြိမ်ပေါင်းပေးမှာဖြစ်လို့ ၃၆၀၀၀ ကျပ် ရပါတယ်။ အလှူငွေထည့်ပါလို ပြောပြီးအလှူခံတဲ့အတွက် ငွေတစ်ထောင်ထည့်ခဲ့ပြီး ၃၅၀၀၀ ယူပြီးပြန်လာခဲ့ပါတယ်"လို့ ပြောပါတယ်။ ဒါ့အပြင် ရွာထဲရှိ ခိုကိုးရာမဲ့ သားသမီးအထောက်အပံ့မရှိသူတွေအတွက်ဆိုပြီး ကျပ် ၅၀၀၀ အလှူခံလို့ လှူပြီး ၃၀,၀၀၀ ကျပ်ယူခဲ့ရတယ်လို့ မြင်းကကုန်းကျေးရွာနေ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြင်းကကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဘိုကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှာ မြို့နယ်အဆင့် ဦးစီးအရာရှိ ၂ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ စစ်ဆေးရေးအဖွဲ့က စတင်စစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ သတင်း - မုန်းထက်မုန်း၊  ဓာတ်ပုံ-ကျော်လင်း(ဧရာဝတီတိုင်းမ်)    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024