ဖားကန့်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ များပြားလာသဖြင့် ရပ်ကွက်အချို့ Lockdown ချ
DVB
·
December 2, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်ကစပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ များပြားလာတာကြောင့် ရပ်ကွက်နဲ့ နေရာတချို့မှာ အသွားအလာ ကန့်သတ် ခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ နိုဝင်ဘာ ၂၁ ရက်ကနေ ၃၀ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၂ ယောက်တွေ့ရှိခဲ့တာကြောင့် လုံးခင်းရွာက ရပ်ကွက်တချို့ကို အသွားအလာကန့်သတ်ကာ Lockdown ချထားခဲ့တာလို့ ဆိုပါတယ်။
လုံးခင်းကျေးရွာမှာ ရပ်ကွက် ၆ ခုရှိတဲ့အနက် ရပ်ကွက် ၅ ခုမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ရှိနေတာကြောင့် ဒီဇင်ဘာလ ၂ ရက်နေ့က စပြီး stay at home စည်းကမ်းဖောက်ဖျက်သူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်ကတည်းက Stay at Home နေထိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ထားပါတယ်။
ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၇ ဦး ရှိနေပြီး ကချင်ပြည်နယ်အတွင်းမှာ ပိုးတွေ့လူနာအများဆုံးရှိတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။
သတင်း-ဇော်မိုးထက် (ဖားကန့် )