Home
မြန်မာသတင်း
စစ်ရေးလှုပ်ရှားမှုများကို ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ
DVB
·
December 1, 2020
120997210_170153351394968_2972157858180144056_n
မြန်မာနိုင်ငံတဝန်းအကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဒီဇင်ဘာ ၁ ရက်မှ  ဒီဇင်ဘာ ၃၁  ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ မနက် ကြေညာပါတယ်။ အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း လက်မှတ်ရေးထိုးနိုင်တဲ့အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးမြောက်တဲ့အထိ လိုအပ်တာတွေကို ဆက်လက် ဆောင်ရွက်နိုင်ရေးနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့နဲ့  စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရေးတို့အတွက် အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေမှအပ ကျန်နေရာတွေမှာ နိုဝင်ဘာ ၁ မှ ၃၀ ရက်အထိ တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေရပ်ဆိုင်ပေးခဲ့ပြီး အခု နောက်ထပ် တစ်လ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ထိရောက်စွာဆောက်ရွက်နိုင်ရေးအတွက်လည်း တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။  AA ၊ TNLA နဲ့  MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် တပ်မတော်နဲ့ အေအေကြားမှာ ဂျပန်နိုင်ငံအစိုးရက ဝင်ရောက်ညှိနှိုင်းပေးနေသလို တခြားအဖွဲ့အစည်းတွေလည်း ညှိနှိုင်းမှုတွေရှိတယ်လို့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုထားပါတယ်။  တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ ရှိနေပြီး အပစ်အခတ်ရပ်စဲရေးအတွက် အသေးစိတ် ဆက်လက်ဆွေးနွေးသွားဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ် ယို‌ဟေးဆာဆာကာဝါက ပြောထားပါတယ်။  ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ ကမ္ဘာတဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။ Photo Credit-DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024