မြောက်ကိုရီးယားဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို အမေရိကန်နဲ့ ဘယ်တော့မှ ညှိနှိုင်းမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
တဖက်မှာ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်နေကာ တဖက်မှာ ဆွေးနွေးပွဲတွေလုပ်ဖို့ လာကမ်းလှမ်းတဲ့ ဝါရှင်တန်ကို မျက်နှာနှစ်ဖက်နဲ့ လိမ်ညာနေတာလို့လည်း နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။
အမေရိကန်ဟာ စံနှုန်းနှစ်မျိုးနဲ့ ပြုမူနေပြီး ထောင်လွှားမောက်မာကာ ထင်တိုင်းကျဲ ပြုမူနေတာဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးတဲ့ နှမလည်းဖြစ်ပြီး ထိပ်တန်းအရာရှိတယောက်လည်းဖြစ်တဲ့ ကင်မ်ယိုးဂျုံက ပြောကြားကြောင်း KCNA က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ မကြာသေးမီက သူ့ရဲ့ ပထမဆုံး သူလျှိုဂြိုဟ်တု လွှတ်တင်မှုနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်း ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်ဂရင်းန်ဖီးလ်စ်နဲ့ မြောက်ကိုရီးယား သံအမတ်ကြီး ဂင်မ်ဆုန်းတို့ တွေ့ဆုံကြပြီး သူတို့အကြား ရှားရှားပါးပါး လူသိရှင်ကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးဟာ သူတို့နိုင်ငံတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ခုခံကာကွယ်ခြင်း ဖြစ်တယ်လို့ အသီးသီး ငြင်းခုံခဲ့ကြတာပါ။
ကင်မ်ယိုးဂျုံက သောမတ်စ် ဂရင်းန်ဖီးလ်စ်ဟာ အာကာသဖွံ့ဖြိုးတိုးတက်မှုအတွက် မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ငြင်းဆန်ခဲ့တာဖြစ်ပေမဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်လုပ်ဆောင်မယ့် ကြိုးပမ်းမှုတွေကို အလေးပေးခဲ့တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
Source/Photo-Reuters