မကွေးမြို့တွင် ကိုဗစ်စည်းကမ်းမလိုက်နာသည့် KTV ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
DVB
·
November 27, 2020
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး ဖွင့်လှစ်နေတဲ့ မကွေးကမ္ဘာ KTV ဆိုင်ကို နိုဝင်ဘာ ၂၇ ရက် မနက် ၁ နာရီလောက်က ဖမ်းဆီးအရေးယူထားတယ်လို့ မကွေးခရိုင် ရဲတပ်ဖွဲ့ကနေသိရပါတယ်။
မကွေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းက "ကပ်ရောဂါကာလအတွင်း မကွေးမြို့ မကွေးကမ္ဘာစားသောက်ဆိုင်မှာ KTV လုပ်ငန်း လုပ်ကိုင်နေတယ်လို့ တာဝန်သိပြည်သူတစ်ယောက်က သတင်းပေးတဲ့အတွက် မကွေးတိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကျော်မင်း ဦးဆောင်တဲ့ ရဲတပ်ဖွဲဝင်တွေက သက်သေတွေနဲ့အတူ ဝင်ရောက်ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
အဲဒီလို ဝင်ရောက်ရှာဖွေရာမှာ ဆိုင်အတွင်းက K-5 အခန်းမှာ အမျိုးသမီးဝန်ထမ်း နှစ်ယောက်နဲ့ အမျိုးသားတွေတွေ့ရှိခဲ့ပြီး အမျိုးသားတွေကတော့ ထွက်ပြေးတိမ်းရှောင်သွားကာ ကာရာအိုကေသီဆိုရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကာရာအိုကေဆိုင်တာဝန်ခံ ကိုနိုင်လင်းနဲ့ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။
သတင်း-မင်းထီး