မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၁ ဦး စတင်တွေ့ရှိ
DVB
·
November 26, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိခဲ့တယ်လို့ မိုးမိတ်မြို့သတင်းနှင့် ပြန်ကြားရေးဌာနက သိရပါတယ်။
မိုးမိတ်မြို့နယ် လက်ခုပ်တန်းရပ်ကွက်နေထိုင်သူတစ်ဦးဟာ အနံ့မရတာကြောင့် မြို့နယ်ပြည်သူ့ဆေးရုံမှာ Antigen Test (RTD)နဲ့ သစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိ positive အဖြေထွက်ခဲ့တာဖြစ်ပါတယ်။
ပိုးတွေ့လူနာဟာ မြို့တွင်းကုန်တင်ကုန်ချလုပ်သားတစ်ဦးဖြစ်ပြီး သူနဲ့ထိတွေ့နိုင်သူတွေကို အမြန်ဆုံး လိုက်လံစုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သူနဲ့ထိတွေ့ထားသူ ၄ ဦးကို RTD နဲ့ စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ရှိပဲ ပိုးတွေ့လူနာကိုတော့ ကိုဗစ်-၁၉ လူနာသီးသန့်ထားရှိမယ့် သံဃဆေးရုံအဆောင်မှာ သီးသန့်ထားရှိကာ ဆေးကုသပေးနေပါတယ်။
ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့သူ ၄ ဦးနဲ့ အတူနေမိသားစုဝင် ၄ ဦး စုစုပေါင်း ၈ ဦးကို လက်ခုပ်တန်းရပ်ကွက် အထက ၂ ကွာရန်တင်း စင်တာမှာ အသွားအလာကန့်သတ် ထားရှိပါတယ်။
သတင်း - ဟန်နာထက်အောင်