မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံကြီးမှာ မေ ၁၉ ရက်က ကိုဗစ်-၁၉ ရောဂါ (အိုမီခရွန် မျိုးရိုးဗီဇပိုး) ကြောင့် လူနာ ၁ ဦး သေဆုံးခဲ့တယ်လို့ လူနာနဲ့နီးစပ်သူထံက သိရပါတယ်။
သေဆုံးသူမှာ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း) နေထိုင်သူ အသက် ၇၈ နှစ်အရွယ် အမျိုးသား ၁ဦး ဖြစ်ပြီး ရောဂါအခံရှိလို့ ကိုဗစ်ကူးစက်ပြီး ရက်ပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ရာမညလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက “မွန်ပြည်နယ်မှာ ကိုဗစ်ကူးစက်သူ များပြားလာလို့ ကူညီဖို့ ပစ္စည်းတွေ အဆင့်သင့် ထားရှိထားရတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မေ ၁ ရက်မှ ၁၅ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၂၄၄၄ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။