ပုသိမ်ကြီးတွင် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
November 21, 2020
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်စစ်ဆေးရေးဂိတ်ရဲ့ တရားမဝင် ရှောင်ကွင်းလမ်းရှိ ရေမြောင်းဘေးမှာ ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ဆက်စပ်နယ်မြေတွေမှာ တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးတွေနဲ့ မန္တလေးမြို့အဝင်/အထွက်နေရာတွေမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်စစ်ဆေးမှု အပါအဝင် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်လောက်က ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်စစ်ဆေးရေးဂိတ်ရဲ့ တရားမဝင် ရှောင်ကွင်းလမ်းရှိ ရေမြောင်းဘေးမှာ မသင်္ကာဖွယ်စက္ကူဂျပ်ဖာတွေအား တွေ့ရှိတာကြောင့် စစ်ဆေးကြည့်ရှုရာ ဘိန်းဖြူ ၈ ဒသမ ၆၂ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာသူနဲ့ မော်တော်ယာဉ်တို့မှာ သယ်ဆောင်ဖို့ မလွတ်နိုင်တဲ့ အခြေအနေကြောင့် လမ်းဘေးမြောင်းအတွင်း စွန့်ပစ်ထွက်ပြေးသွားတယ်လို့ သုံးသပ်ရကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။