ထိုင်းနိုင်ငံ ဘန်ကောက်သုဝဏ္ဏဘုမိနိုင်ငံတကာလေဆိပ်မှာ ဟောင်ကောင်နိုင်ငံသား မူးယစ်ဂိုဏ်းသား ၄ ဦး ထံကနေ ဘိန်းဖြူ အလေးချိန် ၁၄ ကီလိုဂရမ်ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဇွန် ၂၃ ရက် ည ၇ နာရီလောက်က သုဝဏ္ဏဘုမိလေဆိပ်က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံကနေ ပြည်ပကိုထွက်ခွါသွားမယ့် ခရီးသည်တွေရဲ့ အိတ်တွေကို စစ်ဆးစဉ် မစ္စတာ လောင်ဝေကစ်နဲ့ အပေါင်းပါ ၃ ဦး တို့ရဲ့ ခရီးဆောင်အိတ်ထဲက ဘိန်းဖြူ ၄၀ ထောင့် ( အလေးချိန် ၁၄ ကီလိုဂရမ် ) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမူးယစ် ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ဖာနုရတ် လတ်ဘွန်းက ဇွန် ၂၄ ရက် ညနေပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒီမတိုင်ခင်ရှေ့က လောင်ဝေကစ်ဟာ မူးယစ်ဆေးဝါးကုန်ကူးတဲ့ဂိုဏ်းကဖြစ်ပြီး သူဟာ ထိုင်းနိုင်ငံကိုသွားခဲ့ပြီး အထူးသတိထားစောင့်ကြည့်ဖို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့ကို ကြိုတင်အကြောင်းကြားခဲ့တယ်။ ဒါကြောင့် သူနဲ့တကွ သူ့အပေါင်းအဖော်ရဲ့ ခရီးဆောင်အိတ်ကို သေချာစစ်ဆေးတာမှာ ခုလို ဘိန်းဖြူတွေဖမ်းမိတာလို့ ဆိုပါတယ်။
သူတို့တွေဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးလာဝယ်ဖို့ ဟိုတယ်တစ်ခုမှာ လာတည်းတယ်၊ တစုံတယောက်က ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် ရွှေတြိဂံနယ်မြေကနေ မူးယစ်ဆေးဝါးတွေ လာပို့ပေးတယ်။ အဲဒီလူဟာ ဘယ်သူလဲဆိုတာကို စီစီကင်မရာတွေကနေ လိုက်လံစုံစမ်း နေတယ်၊ ထိုင်းနိုင်ငံသားပဲဖြစ်မယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းမိသူတွေကို အဆင့် ၁ အပြင်းစား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ အဆင့် ၁ အပြင်းစား မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: MGROnilne