မြစ်ကြီးနားတွင် ရန်ကုန်ကပြောင်းလာသည့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
November 21, 2020
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရန်ကုန်က ပြောင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်က ပြောင်းလာပြီး တာဝန်မထမ်းဆောင်ခင် ပညာရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ နိုဝင်ဘာ ၂၀ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့တာပါ။
မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “မှော်ဘီကနေ ဌာနပြောင်းလာတဲ့ ရဲတစ်ယောက်မှာ တွေ့တာပါ။ မြစ်ကြီးနား အမှတ် ၃ ပလနရဲစခန်းမှာ တာဝန်ကျတာပါ။ သူစရောက်တဲ့ နေ့ကတည်းက ပညာရေးကောလိပ်မှာ ကွာရန်တင်းဝင်နေပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ သူ့ကို Swab ယူပြီး စစ်ဆေးရာကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ” လို့ ပြောပါတယ်။
အဲ့ဒီ ရဲတပ်သားနဲ့ ထိစပ်ခဲ့သူတွေကို ကွာရန်တင်းထားရှိဖို့ ကျန်းမာရေးဌာနက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ယောက်ရှိပြီဖြစ်ပြီး ကချင်ပြည်နယ်မှာတော့ စုစုပေါင်း လူနာ ၁၅၈ ယောက်ရှိပြီလို့ သိရပါတယ်။
မီးမီး