ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၁ ဦးသေဆုံး
နန်းမြနဒီ
·
November 19, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲမှာ မနေ့ညက မြေစာပုံပြိုကျပြီး ရေမဆေးကျောက်တူးသမား ၁ ဦး သေဆုံးသွားပါတယ်။
သေဆုံးသွားသူဟာ အသက် ၃၅ နှစ်ရွယ်ရှိ ကျော်ဆန်းဝင်း ဆိုသူ အထက်မက်လင်ချောင်ရွာသားဖြစ်ပြီး မနေ့ည ၉ နာရီကျော်က ဆိပ်မူအုပ်စု ဖားပြင်ကျေးရွာအနီးရှိ YTT ကုမ္ပဏီလုပ်ကွက်ဟောင်း အောက်ခြေမှာ ရေမဆေးကျောက် ရှာဖွေနေစဉ် အမြင့် ပေ ၃၀ လောက်ရှိတဲ့ မြေစာတွေ ပြိုကျလာကာ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလို့ ဖားကန့် လူမှုကူညီရေးအသင်း စေတနာ့ဝန်ထမ်း ကိုစန်းအောင်က ပြောပါတယ်။
သူတို့သွားတွေ့တဲ့အချိန်မှာ ကျော်စန်းဝင်းဟာ သူ့ရဲ့ဦးခေါင်းနောက်စေ့မှာ ကြေမွသွားပြီး နှာခေါင်းသွေးထွက်ကာ သေဆုံးနေကြောင်း၊ သူ့အလောင်းကို မမုံကျေးရွာ အနိစ္စလူမှုကူညီရေး အသင်းကားနဲ့ ဖားကန့်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ကိုစန်းအောင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိပ်မူကျေးရွာ အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးရွှေသိန်းက အဆိုပါလုပ်ကွက်မှာ YTT ကုမ္ပဏီရဲ့လုပ်ကွက်ဟောင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလမှာ ကုမ္ပဏီအသီးသီးက လုပ်ငန်းယာယီ ဆိုင်းငံ့ထားတာလို့ ဆိုပါတယ်။
လုပ်ကွက်ဟောင်းမှာ မြေသားတွေခိုင်မာမှုမရှိတာကြောင့်အန္တရာယ်ရှိတာ သိပါလျက်နဲ့ ရေမ ဆေးကျောက်ရှာသမားတွေ ဝမ်းစာရေးအတွက် ဝင်လုပ်နေကြတာမှာ ကျောက်သားနံရံပြိုကျတာ၊ မြေပြိုတာတွင်းပြိုတာကြောင့် ထိခိုက်သေဆုံးမှုတွေ အမြဲလိုဖြစ်နေတာလို့ ဦးရွှေသိန်းက ပြော ပါတယ်။
ဖားကန့် ဆိပ်မူအုပ်စုထဲမှာ မနှစ်ကလည်း မြေစာပုံပြိုကျမှုအကြီးစားဖြစ်ပွါးခဲ့ပြီး လူပေါင်း ၂၀၀ လောက် သေဆုံး /ပျောက်ဆုံးသွားခဲ့ရပါတယ်။