တိုက်ကြီးတွင် ဆီဘောက်ဆာကား မီးလောင်ပြီး လူ ၂ ဦးသေဆုံး
DVB
·
November 19, 2020
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် မိုင်တိုင်အမှတ် ၅၀/၅ နဲ့ ၅၀/၆ အကြား ဂျိုးဖြူကွေ့မှာ နိုဝင်ဘာ ၁၈ ရက်ညနေ ၆ နာရီကျော်လောက်က ဆီဘောက်ဆာကားတစ်စီး အရှိန်လွန် လမ်းဘေးထိုးကျ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၄ လုံးမီးလောင်ခဲ့ပြီး ယာဉ်မောင်းနဲ့ အသက် ၅၀ ကျော်အရွယ် အိမ်ရှင်အမျိုးသမီး ၁ ဦး သေဆုံးသွားပါတယ်။
မီးလောင်မှုကို တိုက်ကြီး၊ ဥက္ကံ၊ မှော်ဘီ၊ ထောက်ကြန့်၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်နဲ့ ခရိုင်မီးသတ်ဌာနတို့က မီးသတ်ယာဉ် ၁၀ စီး၊ FOAM ဆီမီးလောင်ရာမှာ မီးငြှိမ်းသတ်တဲ့ကား ၃ စီး၊ ရေသယ်ယာဉ် ၉ စီး၊ ကွပ်ကဲမှုယာဉ် ၂ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၆၀ ဦးတို့ မီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဦးက "ယာဉ်မောင်း ခင်မောင်လွင် မောင်းနှင်လာတဲ့ (YGN 5/D 1833)Nissan ဖြူ /ပြာ စိမ်း ကြား ၈ ဘီးယာဉ်၊ ဂါလန် ၂၈၀၀ ဆံ့ ပရီမီယမ် ဒီဇယ်တင်လာတဲ့ဘောက်ဆာကားက ဂျိုးဖြူကွေ့ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက အိမ်ခြံဝိုင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့ပြီး မီးလောင်ခဲ့တာ။ ယာဉ်မောင်းကတော့ အခင်းဖြစ်ချိန်မှာဘဲ ကားထဲမှာညပ်ပြီး သေဆုံးခဲ့တာဖြစ်သလို အိမ်ရှင်အမျိုးသမီးကတော့ နေအိမ်ထဲမှာ ရှိနေတဲ့အချိန် ကားထိုးကျပြီး ကားနဲ့အတူပါသွားခဲ့ရာက မီးလောင်သေဆုံးခဲ့တာပါ" လို့ ပြောပါတယ်။
ယာဉ်နောက်လိုက်ကိုတော့ ကယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် တိုက်ကြီးဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေတယ်။
မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံး၊ လူနေအိမ် ၄ လုံး၊ ကား ၁ စီး၊ ဒီဇယ်ဆီ ၂၈၀၀ ဂါလန်နဲ့ ဝက် ၃ ကောင်တို့ ဆုံးရှုံးခဲ့ပြီး တန်ဖိုးငွေ ကျပ် ၂၁,၁၄၁,၀၀၀ ဖိုးလောက် ဆုံးရှုံးတယ်လို့လည်း မီးသတ် ဦးစီးအရာရှိ ဦးနိုင်ဦးက ပြောပါတယ်။
ကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကျတိမ်းမှောက်ခဲ့ပြီး မီးလောင်ခဲ့တာကြောင် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပြီး လူသေဆုံးခဲ့တဲ့အတွက် ယာဉ်မောင်း ခင်မောင်လွင်(သေဆုံး)ကို (ပ)၃၇/၂၀၂၀၊ ဥပဒေပုဒ်မ ၃၀၄(က)/၃၃၇/၂၇၉/၂၈၅ တို့နဲ့ တိုက်ကြီးမြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထား ပါတယ်။
သတင်း- မေသွယ်