ကိုဗစ်-၁၉ လူနာများပြားလာသဖြင့် မကွေး တိုက်နယ်ဆေးရုံများ၌ ကုသနိုင်ရန် ပြင်ဆင်ထား
DVB
·
November 15, 2020
မကွေးတိုင်းအတွင်းမှာ ကိုဗစ်-၁၉လူနာအရေတွက် များပြားလာတာကြောင့် တိုက်နယ်ဆေးရုံတွေမှာပါ ပိုးတွေ့လူနာတွေကို သီးခြားထားရှိပြီး ကုသနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။
“ကိုဗစ်-၁၉ လူနာတွေလည်း ဆက်လက်တွေ့ရှိနေပြီး အောင်လံနဲ့ မကွေးမှာလည်း ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်း ကူးစက်မှုတွေဖြစ်လာတာကြောင့် တိုင်း/ခရိုင်ဆေးရုံတွေနဲ့ လုံလောက်မှု မရှိတော့တာကြောင့် မြို့နယ်/တိုက်နယ်ဆေးရုံတွေမှာပါ ကုသပေးနိုင်အောင် ပြင်ဆင်ထားတယ်” လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးကတော့ “ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်မဟုတ်တဲ့ လူနာတွေအပြင် ကိုဗစ်-၁၉ လူနာတွေကိုပါ ကုသနေရတာဖြစ်လို့ ပြည်သူအားလုံး ရောဂါကင်းဝေးစေလိုပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကာ ကူညီပေးကြစေလိုပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ မနက်ပိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ ဦးတွေ့ရှိခဲ့ပြီး ညပိုင်းမှာလည်း ၁၄ ဦးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၅၁ ဦး၊ ဆေးရုံကနေဆင်းခွင့်ရတဲ့သူ ၇၂၅ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း - မင်းထီး