မင်းလှတွင် အမည်မသိအမျိုးသမီး ၁ ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေ
DVB
·
November 15, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စုအပိုင်၊ ကျောက်တံခါးဘုရားသွားရာ လမ်းဘေး အင်တိုင်းတောထဲမှာ အမျိုးသမီး ၁ ယောက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ မင်းလှရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
မနက် ၁၀ နာရီ မိနစ် ၄၀ လောက်မှာ ကျောက်သယ်နေတဲ့ လူတွေက လူသေအလောင်းတွေ့ရှိတယ် အကြောင်းကြားလို့ မြို့နယ်မှူး၊ စခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်နဲ့နယ်ထိန်းအဖွဲ့တွေ သွားရောက်ကြည့်ရှုရာ အမျိုးသမီးတဦး ရင်ဘတ်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ရွေးကုန်းအုပ်စုနယ်ထိန်း သိန်းထွဏ်အောင်က ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဘယ်သူဆိုတာ မသိရသေးဘဲ တရားခံ ဖမ်းဆီးမိရေး စုံစမ်းဖော်ထုတ်နေပြီး ရာဇသတ်ကြီးပုဒ်မ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ မင်းလှစခန်းမှူး ဒုရဲမှူး လင်းလင်းက ပြောပါတယ်။
သတင်း - သက်နိုင်ဝင်း