ဧရာဝတီတိုင်းတွင် ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၀၅ ဦး တွေ့ရှိ
DVB
·
November 15, 2020
ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀၅ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာလ ၁၄ ရက် မနေ့ညက သတင်းထုတ်ပြန်ပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာစာရင်းမှာ မဲပေးတဲ့နေ့က ပန်တိုင်ဂိတ်မှာ တိုင်းအတွင်း ပြန်လာသူတွေကို ကျန်းမာရေးစစ်ဆေးတာတွေပြုလုပ်တဲ့ ဝန်ထမ်း ၁ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ရောဂါကူးစက်ခံခဲ့ရတဲ့ အသက် ၂၇ နှစ်အရွယ် ကျန်းမာရေးကြီးကြပ် ၂ ဟာ ရန်ကုန်ပြန်တွေကို စစ်ဆေးပေးရသူဖြစ်ပြီး ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က သူ့ရဲ့လူမူကွန်ရက်မှာ ရေးသားထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ ၁၀၅ ဦးတွေ့ရှိခဲ့တဲ့ မြို့နယ်တွေကတော့ မော်လမြိုင်ကျွန်းမှာ ၂၅ ဦး၊ ရေကြည်မြို့မှာ ၂၃ ဦး၊ ကျုံပျော် ၁၂ ဦး၊ ညောင်တုန်း ၁၀ ဦး၊ အိမ်မဲ ၈ ဦး၊ ဖျာပုံနဲ့ ကျိုက်လတ် ၅ ဦး၊ လေးမျက်နှာနဲ့ ပန်းတနော် ၄ ဦးစီ၊ ဒေးဒရဲ ၃ ဦး၊ ကျောင်းကုန်းနဲ့လပွတ္တာ ၂ ဦးစီ၊ ပုသိမ်နဲ့ မအူပင် ၁ ဦးစီ တွေ့ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၈၃၆ ဦးထိရှိပြီး ဆင်းရုံဆင်းခွင့်ရရှိသူ ၁၁၆၇ ဦးရှိကာ သေဆုံးလူနာ ၃ ဦးရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)