Homeမြန်မာသတင်း
ရွေးကောက်ပွဲအနိုင်ရသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဝန်ကြီးချုပ်ပြော
ရွေးကောက်ပွဲအနိုင်ရသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဝန်ကြီးချုပ်ပြော
DVB
·
November 10, 2020
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီက ထူးထူးကဲကဲ အနိုင်ရရှိသွားတဲ့အတွက် ဂျပန်အစိုးရအနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲ့စုဂက ဒီကနေ့ ဂုဏ်ပြုစာလွှာပေးပို့ ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်ဖွဲ့စည်းမယ့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်ရဲ့ ဒီမိုကရေစီတည်ဆောက်ရေး အတွက် ဘက်ပေါင်းစုံကနေ ဆက်လက်ပြီး အပြည့်အဝ အားပေးထောက်ခံသွားမယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးပိုပိုတိုးတက်ကောင်းမွန်လာစေရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အမြင်ချင်းဖလှယ်ဆွေးနွေးဖို့ ဝမ်းမြောက်စွာ မျှော်လင့်စောင့်စားနေတယ်လို့လည်း နိုဝင်ဘာ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ စာမှာ ဖော်ပြထားပါတယ်။
အလားတူ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှိမိဆုကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီက မဲအများဆုံးနဲ့ ရွေးကောက်ပွဲ အနိုင်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒီကနေ့ စာပေးပို့ လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပျံ့နှံ့နေတဲ့ အခက်အခဲကာလမှာ ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်တဲ့အတွက် ချီးကျူး ဂုဏ်ပြုတယ်လို့လည်း ဂျပန်နိုင်ငံခြားရေး န်ကြီးက ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့မနက် အတည်ပြုကြေညာထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တဖြည်းဖြည်း ထုတ်ပြန်ကြေညာပေးနေပြီး ကြေညာပြီးသလောက် မဲရလဒ်တွေမှာ အန်အယ်လ်ဒီပါတီက အများစု အနိုင်ရနေပါတယ်။
ဓာတ်ပုံ- JAPAN PMO