Homeမြန်မာသတင်း
ဧရာဝတီနှင့် ပဲခူးတိုင်းတွင် နေ့ချင်းပြန်မဲလာပေးသူ လူ ၁၀၀ ကျော် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
ဧရာဝတီနှင့် ပဲခူးတိုင်းတွင် နေ့ချင်းပြန်မဲလာပေးသူ လူ ၁၀၀ ကျော် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
November 9, 2020
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ နေ့ချင်းပြန် မဲလာပေးသူတွေကို စစ်ဆေးရာကနေ လူ ၁၀၀ ကျော်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ခဲ့ရပါတယ်။
နေ့ချင်းပြန် မဲလာပေးသူတွေကို တိုင်းကျန်းမာရေးဦးစီးဌာနက COVID-19 Antigen Test Kit နဲ့ စစ်ဆေးတာ၊ အကာအကွယ်ပစ္စည်းပေးတာတွေ လုပ်ခဲ့ပြီး ဧရာဝတီတိုင်းထဲ ဝင်လာသူ ၃,၃၁၇ ယောက်ကို စစ်ဆေးရာမှာ ၇၉ ယောက်မှာ ပိုးတွေ့ခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။
ညောင်တုန်း မဲဇလီဂိတ်၊ မအူပင် ခတ္ထိယနဲ့ မြို့ဝင်ဂိတ်၊ ဒေးဒရဲတံတားဂိတ်၊ ကြံခင်း အုတ်ပုံဂိတ်၊ ရေကြည် ရေနံ့သာဂိတ်တို့မှာ နိုဝင်ဘာ ၈ ရက် မနက် ၅ နာရီကစပြီး ဌာနပေါင်းစုံပါတဲ့ စိစစ်ရေးအဖွဲ့တွေက ဝင်လာသူတွေကို မဲဆန္ဒရှင်စာရင်းမှာ ပါ၊ မပါ ကွန်ပျူတာနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမည်ပါသူတွေကို ကျန်းမာရေးဌာနက COVID-19 RDT Test Kit နဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ပိုးတွေ့သူတွေကို သတ်မှတ်ထားတဲ့ ဆေးရုံတွေကို ပို့ဆောင်ကုသနေပြီး ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ တိုင်းထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၃ ယောက်ရှိပါတယ်။
ကျန်တဲ့ ၁၄ ယောက်ကတော့ တိုင်းထဲက ဆေးရုံတွေနဲ့ ကွာရန်တင်းစင်တာတွေကနေ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ပဲခူးတိုင်းမှာတော့ ဝင်လာသူ ၁၁၂၂ ယောက်ကို စစ်ဆေးရာမှာ ၂၆ မှာ ပိုးတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ပဲခူးခရိုင်မှာ ၇ ယောက်၊ တောင်ငူခရိုင်မှာ ၃ ယောက်နဲ့ သာယာဝတီခရိုင်မှာ ၁၆ ယောက် တွေ့ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပဲခူးမြို့က ကိုဗစ်-၁၉ ရောဂါ ကုသရေးဆေးရုံတွေမှာ အတည်ပြုလူနာ အယောက် ၂၂၀ ကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
Photo : MRTV