ဖြူးမြို့နယ်တွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်အားလုံး အနိုင်ရ
DVB
·
November 9, 2020
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိတယ်လို့ ဖြူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်အေးဝင်းက ပြောပါတယ်။
“အခု လက်ရှိမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်အားလုံးက မဲအပြတ်အသတ်နဲ့ နိုင်ထားပါတယ်။ အရေအတွက်ကတော့ တွက်ချက်နေဆဲပါ။ အခုလို အပြတ်အသတ် အန်အယ်လ်ဒီ နိုင်တာက ပြည်သူတွေရဲ့ ကျေးဇူးကြောင့် ကျနော်တို့အတွက် အောင်နိုင်ရေးကို သူတို့ပဲ လုပ်ပေးခဲ့တာပါ”လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ်ကို မြို့နယ်ကော်မရှင်အနေနဲ့တော့ အတည်ပြု မပေးနိုင်သေးကြောင်းနဲ့ ကိုယ်စားလှယ်တွေကို ခေါ်နေပြီဖြစ်ပြီး သူတို့ကို လက်မှတ်ထိုးခိုင်းကာ အထက်ကိုတင်ပေးပြီး တိုင်းအဆင့်က အတည်ပြုပြီးမှသာ အတည်ပြုပေးနိုင်မှာလို့ ဖြူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲ အတွင်းရေးမှူး ဦးထွန်းလင်းက ဒီဗွီဘီကို ပြောပါတယ်။
ဖြူးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ စုစုပေါင်း ၆ ပါတီနဲ့ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် ၁ ဦးတို့ ဝင်ရောက်အရွေးချယ်ခံတာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၀,၀၀၀ ကျော်ရှိပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)