Home
မြန်မာသတင်း
ဖြူးမြို့နယ်၌ နိုင်ငံခြားဆေးဝါးများ စျေးတက်ပြီး ပစ္စည်းပြတ်လပ်နေ
DVB
·
February 21, 2024
medi 2122024

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက နိုင်ငံခြားဆေးဝါးတွေ စျေးနှုန်းမြင့်တက်လာပြီး တချို့ဆေးတွေ ပစ္စည်းပြတ်လပ်နေတာကြောင့် ဝယ်ယူဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဖြူးမြို့ခံတွေဆီကနေ သိရပါတယ်။

နိုင်ငံခြားဆေးဝါးတွေရောင်းချတဲ့ ဆေးဆိုင်တချို့မှာ အိမ်သုံးဆေးဝါးတွေနဲ့ ကိုယ်ဝန်ဆောင် အားဆေး၊ နာတာရှည်ရောဂါအတွက် သောက်သုံးရတဲ့ ဆေးဝါးတွေ ပစ္စည်းပြတ်လပ်နေပြီး စျေးတွေလည်း တက်နေတယ်လို့ ဖြူးမြို့ခံတဦးက ပြောပါတယ်။

“ဆေးတွေက စျေးတက်လာတာ နှစ်ဆလောက် ရှိတယ်။ အကိုက်အခဲပျောက်ဆေး နှစ်ကတ်နဲ့ အားဆေး တကတ် ဝယ်တာတောင် တသောင်းခွဲလောက် ပေးရတယ်။ တချို့ဆေးတွေဆို ဝယ်လို့တောင် မရတော့ဘူး။”

ဒါ့အပြင် နာတာရှည်ရောဂါအခံရှိတာကြောင့် နေ့စဉ် ဆေးသောက်နေရတဲ့ သွေးတိုး၊ ဆီးချို ရောဂါရှိသူတွေအတွက် ဆေးဝါးစျေးနှုန်းတွေ အရင်ထက် မြင့်တက်လာပြီး ဝယ်ယူဖို့လည်း ခက်ခဲလာတယ်လို့ ဖြူးမြို့ခံတဦးက ပြောပါတယ်။

“နိုင်ငံခြားဆေး တော်တော်များများ ဒီကဆေးဆိုင်တွေမှာ မရတော့ဘူး။ ရန်ကုန်ထိ လှမ်းမှာနေရတယ်။ စျေးကတော့ အရင်က ၁၀,၀၀၀ လောက်ပဲရှိတဲ့ဆေးက ၁၄,၀၀၀ လောက်ထိ ဖြစ်နေပြီ။ အဲဒါတောင် အရင်ဆုံး ဖုန်းဆက်မှာပြီး ၄ ရက် ၅ ရက်လောက်မှ ရတာ။”

ဖြူးမြို့နဲ့ အနီးတဝိုက်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်နေတာကြောင့် စစ်တပ်က လမ်းကြောင်းတွေ ပိတ်ဆို့မှာကို စိုးရိမ်တဲ့ ဖြူးမြို့ပေါ်က မြို့ခံတွေအနေနဲ့လည်း အရေးကြီးဆေးဝါးတွေကို စျေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ဖြူးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ကိုယ်လိုတဲ့ဆေးက ဝယ်လို့ရနေသေးတာပဲ ကံကောင်းတယ်ပြောရမယ်။ ကျမက သွေးတိုးဆေးတွေ သောက်နေရတာ။ လမ်းပိတ်ပြီး ဆေးဝယ်မရမှာကို အရမ်းစိုးရိမ်တယ်။”

ဒေါ်လာစျေးနှုန်း မြင့်တက်လာပြီး မြန်မာငွေ တန်ဖိုးကျလာတာကြောင့် နိုင်ငံခြားဆေးဝါးတွေ စျေးတက်လာတာဖြစ်ပြီး သက်ဆိုင်ရာ ဆေးကုမ္ပဏီတွေကလည်း လမ်းခရီးမှာ အစစ်အဆေး များတာကြောင့် နယ်မြို့တွေကို ပစ္စည်းပို့တာ အရင်ထက် နည်းသွားတယ်လို့ ဖြူးမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဆေးတွေက စျေးကျဖို့ မရှိနိုင်တော့ဘူး။ ကုမ္ပဏီတွေကလည်း ဂိတ်ကြေး၊ တံတားကြေးနဲ့ ဓာတ်ဆီစရိတ်တွေ မကိုက်လို့လားမသိဘူး၊ နယ်ဘက်ဆို ပစ္စည်းလာပို့ဖို့ သိပ်မလာချင်ကြဘူး။ ကျနော်တို့ကိုယ်တိုင် သွားသယ်လည်း ဆေးတွေအများကြီးနဲ့ကားဆိုရင် စစ်နေတာက မပြီးတော့ဘူး။ အဲ့ဒါကြောင့် ရှိတဲ့ပစ္စည်းပဲ ထိန်းရောင်းနေရတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ နိုင်ငံခြားကတင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ နေအိမ်သုံးပစ္စည်းတွေ တင်ပို့ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေအနေနဲ့လည်း ဝယ်ယူသုံးစွဲဖို့ ခက်ခဲလာတာပဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013