ဂွမြို့နယ်၌ ရခိုင်ဝန်ကြီးချုပ်အပါအဝင် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း အားလုံး အနိုင်ရ
DVB
·
November 9, 2020
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ယှဉ်ပြိုင်တဲ့ ဂွမြို့နယ်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရသွားတယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ရီက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
"ဝန်ကြီးချုပ်က ဂွမြိုနယ် ပြည်နယ်မဲဆန္ဒနယ် ၂ က ဝင်ပြိုင်တာပါ။ သူအပါအဝင် နေရာအားလုံးအနိုင်ရတာ သေချာသွားပါပြီ။ နောက်မြို့တွေကလည်း အနိုင်ရတာတွေ ရှိတယ်၊ အတည်မပြုနိုင်သေးဘူး။"လို့ ပြောပါတယ်။
ဂွမြို့နယ်မှာ အန်အယ်လ်ဒီအနိုင်ရတဲ့ နေရာတွေကတော့ ရခိုင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နဲ့ (၂)၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အန်အယ်လ်ဒီပါတီက ချင်းတိုင်းရင်းသားရေးရာနေရာ အပါအဝင် ကိုယ်စားလှယ်လောင်း ၆၄ ယောက် ဝင်ပြိုင်ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာတော့ ရခိုင်အမျိုးသားပါတီ (ANP) က အမတ်နေရာ ၄ နေရာလုံး အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
လင်းလက်