မဲရုံပိတ်ချိန်ကျော်သည်အထိ နေပြည်တော်ဝန်ထမ်းရပ်ကွက်၌ မဲပေးရန် လူရာချီစောင့်ဆိုင်းနေ
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
·
November 8, 2020
မဲရုံပိတ်သိမ်းချိန် ကျော်လွန်နေပြီဖြစ်ပေမယ့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ထဲက ဘောဂသိဒ္ဓိရပ်ကွက်မဲရုံမှာ ဆန္ဒမဲပေးဖို့ အတွက် လူရာချီကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဝန်ထမ်းအများစုရှိတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၉၀,၀၀၀ ကျော်ရှိပြီး ဘောဂသိဒ္ဓိရပ်ကွက်ထဲက အ.ထ.က (၆) အတွင်းမှာ မဲရုံစုစုပေါင်း ၆ ရုံ ရှိနေပါတယ်။
တစ်ရုံကို ပျမ်းမျှ မဲပေးခွင့်ရှိသူ ၂၀၀၀ ကျော်ရှိရာမှာ မဲရုံပိတ်သိမ်းချိန် ညနေ ၄ နာရီကို ကျော်လွန်ချိန်အထိ မဲရုံတစ်ရုံဆီကို ဆန္ဒမဲပေးဖို့ လူ ၁၀၀၀ လောက် ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။
ဘောဂသိဒ္ဓိရပ်ကွက်မဲရုံ(၁) ရဲ့ ဒုမဲရုံမှူး ဒေါ်သီတာမြင့်က “ အခု ဒီမဲရုံပရဝဏ်အတွင်းမှာရှိနေတဲ့သူအားလုံးကို မဲပေးခွင့်ရ အောင် ဆောင်ရွက်ပေးမှာပါ။ အကုန်လုံး မဲပေးခွင့်ရမှာပါ ” လို့ ပြောပါတယ်။
ဘောဂသိဒ္ဓိရပ်ကွက်က မဲရုံတွေမှာ ဝန်ထမ်းအများစု လာရောက်မဲပေးကြတာဖြစ်ပြီး လူတန်းရှည်နဲ့ စောင့်ဆိုင်းရတာကို စိတ်မရှည်တဲ့အတွက် မဲမပေးဖြစ်တော့ဘဲ ပြန်သွားကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက နေ မဲလာပေးသူတစ်ဦးက “ကိုဗစ်-၁၉ ကြောက်လို့ လူရှင်းလောက်ချိန်ကို မှန်းပြီး လာခဲ့ပေမယ့် အခုဒီမှာကျတော့ အများကြီးဖြစ်နေတယ်။ အဓိကကတော့ မဲပေးသူ အရမ်းများတဲ့အတွက် အခုလို ကြန့်ကြာရတယ်လို့ပဲ ထင်ပါတယ်” လို့ ပြောပါတယ်။
ဇမ္ဗူသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကို အန်အယ်လ်ဒီပါတီ ဦးကျော်ထွေး၊ ကြံ့ခိုင်ရေးပါတီက ဦးဝဏ္ဏမောင်လွင်နဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာအောင်မျိုးတို့က အဓိက ယှဉ်ပြိုင်တာဖြစ်ပါတယ်။