ဧရာဝတီတိုင်းအတွင်း မဲပေးရန်ပြန်လာသူများကို ဝင်ခွင့်ပြုပြီး လုံခြုံရေးတင်းကျပ်ထား
DVB
·
November 8, 2020
ဧရာဝတီတိုင်းကို မဲပေးဖို့အတွက် အခြားတိုင်းနဲ့ ပြည်နယ်က ပြန်လာမယ့်သူတွေကို ဝင်ခွင့်ပြုထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ တိုင်းအတွင်း ပြန်လာတဲ့လူတွေဆီမှာ ဖောက်ခွဲဖျက်ဆီးရေး လက်နက်တွေနဲ့ အခြားအများပြည်သူထိတ်လန့်စေမယ် အရာမျိုးတွေ ပါမသွားအောင် လုံခြုံရေးပိုင်းကို ပိုမိုတင်းကျပ်ပြီး စစ်ဆေးနေတယ်လို့ ဂိတ်တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။
ပန်းတိုင်ဂိတ်မှာ စစ်ဆေးပြီး ပြန်လာတဲ့လူတွေကို ပုသိမ် ကိုးဆူ စစ်ဆေးရေးဂိတ်မှာ လိုအပ်တာတွေ စစ်ဆေးပြီး မဲပေးတဲ့နေရာတွေကို လိုက်လံ ပို့ဆောင်ပေးနေတာပါ။
မဲပေးဖို့ သက်ဆိုင်ရာ မဲရုံတွေကို လိုက်လံပို့ဆောင်ပေးပြီး မဲပေးနိုင်အောင် စီစဉ်ပေးလို့ မဲပေးပြီးရင်တော့ ချက်ခြင်းပြန်ဖို့အတွက် ဂိတ်ကို ပြန်လည်ခေါ်ဆောင်ပြီး လာတဲ့နေရာတွေကို ပြန်ခိုင်းမှာဖြစ်တယ်လို့ ပြောပါတယ်။
မဲပေးပြီး ပြန်ဖို့ကျမယ့်သူတွေကိုတော့ တည်းခိုဟိုတယ်တွေမှာ အိပ်ခိုင်းမှာဖြစ်ပြီး မိုးလင်းတာနဲ့ ပြန်ခိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
မဲပေးဖို့ပြန်လာပြီး မပြန်တော့မယ့် လူတွေကိုတော့ ဂိတ်ကတာဝန်ရှိသူတွေက သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး မဲပေးပြီးတာနဲ့ ကွာရန်တင်းဝင်ခိုင်းသွားမယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းကို ပြန်လာပြီးမဲပေးတဲ့လူတွေကို ဝင်ခွင့်ပြုမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာလ ၆ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့တာပါ။
သတင်း - မင်းထက်မုန်း (ပုသိမ်)