သာယာဝတီ မဲရုံ ၁ ခုတွင် ကြိုတင်တံဆိပ်တုံး ထုထားသဖြင့် ကော်မရှင်သို့ တိုင်ကြား
DVB
·
November 7, 2020
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ ငဖြူ ကလေးကျေးရွာအုပ်စု မဲရုံအမှတ်-၁ မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကြိုတင်မဲစာရင်းစာရွက်တွေမှာ ကြိုတင်တံဆိပ်ရိုက်ထားတာတွေ တွေ့ရှိခဲ့တဲ့အတွက် မြို့နယ်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
မဲစာရင်းစာရွက်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကို တံဆိပ်ထုပြီး မဲပေးထားတဲ့အတွက် ကျန်ပါတီလေးပါတီက ကန်ကွက်တိုင်ကြားခဲ့တာလို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လွယ်လွယ်ဝင်းက ပြောပါတယ်။
“ငဖြူကလေးကျေးရွာအုပ်စု၊ မဲရုံအမှတ် (၁) မှာ အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်တာ။ မဲစာရင်းစာရွက် ပြည်သူ့လွှတ်တော် နေရာမှာ (NLD) ပါတီကို မဲပေးထားတာ တွေ့တယ်။ ကျမတို့ပါတီအပြင် USDP ပါတီ၊ PPP ပါတီနဲ့ တ.စ.ည ပါတီတွေကပါ စာတင်ပြီး ကန့်ကွက်ထားပါတယ်။ မနေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတွေ့နဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်နဲ့ မဲရုံတာဝန်ခံတွေ တွေ့ဆုံတာတွေ ပြုလုပ်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ တာဝန်မခံတဲ့အတွက် ဆက်လက်တရားစွဲဆိုတာတွေ လုပ်သွားမယ်” လို့ ပြောပါတယ်။
သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရဲမြင့်က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့တဲ့ မဲစာရွက်ကို ကျနော်တို့ သိမ်းထားပြီး ပယ်မဲအဖြစ် လုပ်ထားတယ်။ တိုင်ကြားထားတဲ့ ပါတီတွေနဲ့ မြို့နယ်မှာ စေ့စပ်ညှိနှိုင်းတာတွေ ပြုလုပ်ခိုင်းထားပါတယ်။ ကျနော်တို့ကိုတော့ မြို့နယ်က ပြန်တင်ပြတာ မရှိသေးဘူး။ စေ့စပ်ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင်တော့ ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်မှာ မဲရုံပေါင်း ၉၉၁ ရုံနဲ့ မဲပေးရမယ့် လူဦးရေ ၈၆၀,၀၀၀ ကျော်ရှိပြီး ကြိုတင်မဲပေးရမယ့် လူဦးရေက ၁၆၀၀၀၀ ကျော်ရှိပါတယ်။
သတင်း - မေသွယ်