တောင်သာတွင် ကိုယ်စားမဲထည့်မှုအား လက်ခံခဲ့သည့် ဒုမဲရုံမှူးကို အမှုဖွင့်တိုင်ကြား
DVB
·
November 7, 2020
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တဲယာကျေးရွာမှာ ကာယကံရှင်မဟုတ်ဘဲ ကိုယ်စားမဲထည့်တာကို လက်ခံပေးခဲ့တဲ့ ဒုမဲရုံမှူးကို မြို့နယ်ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့က အသက် ၆၀ နဲ့အထက် သက်ကြီး ကြိုတင်မဲတွေ ကောက်ခံရာမှာ အမှန်တကယ် မဲဆန္ဒပြုရမယ့်သူတွေကိုယ်စား သမီးတွေက ကိုယ်စား မဲပေးခဲ့တာကို လက်ခံပေးခဲ့တဲ့ ဒုတိယ မဲရုံမှူး ဒေါ်အေးအေးချစ်အား အမှုဖွင့်တိုင်ကြားခဲ့တာလို့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် ဦးသောင်းလှိုင်က ပြောပါတယ်။
“၂၉ ရက်နေ့မှာ အသက် ၆၀ အရွယ် လူတွေကို ကျနော်တို့ မဲစာရင်းကို တအိမ်ဆင်း တအိမ်တက် လည်ကောက်ပါတယ်ခင်ဗျ။ လည်ကောက်တဲ့အချိန်မှာ ကာယကံရှင်မရှိဘဲနဲ့ မဲထည့်ပစ်တာပါ။ ကာယကံရှင်နှစ်ဦးကတော့ ဒေါ်ရွှေမြနဲ့ ဦးဘတိုးရဲ့အစား ဒေါ်ရွှေမြရဲ့ သမီး မညို ခေါ် မြမြလှိုင်က၊ နောက်တခါ ဦးဘတိုးရဲ့သမီး မဖြူက မဲကို ထည့်ပါတယ်။ ထည့်တဲ့ခါမှာ ကျနော်တို့က သိသွားတယ်။ အဲဒီနှစ်ယောက်ရဲ့ အိမ်မှာလည်း မဟုတ်ဘူး ထည့်တာက။ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးလုပ်တဲ့ ဦးတင်မောင်ညွန့် ခေါ် ဦးပေါစံရဲ့ နေအိမ်မှာ သူတို့က ထည့်ပစ်တာ။”
မဲဆန္ဒရှင်တွေဖြစ်တဲ့ ဒေါ်ရွှေမြနဲ့ ဦးဘတိုးတို့ဟာ တခြားကျေးရွာတွေမှာ ရောက်နေကြတာလို့ ဆိုပါတယ်။
အခုလို ကိုယ်စား မဲထည့်တာကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ချက်ချင်း ညှိနှိုင်းဖြေရှင်းမှု မရရှိတာကြောင့် နိုဝင်ဘာ ၅ ရက်နေ့က အမှုဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။
တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်က “မနက်ဖြန်ကျမှ သေချာပြန်ပြီးတော့ စိစစ်ရမှာတွေ၊ ခုကတော့ နယ်တွေဆင်းနေလို့” လို့ ပြောပါတယ်။
အခုလို တိုင်ကြားထားတဲ့အပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင် အတွင်းရေးမှူး၊ တာဝန်ကျ မဲရုံမှူး၊ တိုင်ကြားခံရတဲ့ ဒုမဲရုံမှူးနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံစစ်ဆေးမှာဖြစ်ပြီး သုံးသပ် စစ်ဆေးတွေ့ရှိချက်အပေါ်မှာ ခရိုင်ကော်မရှင်ဆီက အကြံဉာဏ်ရယူကာ အဆင့်ဆင့် ဆောင်ရွက်မယ်လို့ သိရပါတယ်။
အမှုဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး တောင်သာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ စခန်း တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်ပြေမှု မရရှိခဲ့ပါ။
သတင်း - ထိန်ထိန်လင်း