ဧရာဝတီတိုင်းတွင် ကျားဖောင်လုပ်သား ၈ ထောင်ကျော် မဲပေးခွင့်ဆုံးရှုံးမည်
DVB
·
November 7, 2020
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်အတွင်းက ကျားဖောင်လုပ်သား ၈ ထောင်ကျော်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ဆုံးရှုံးမယ်လို့ ရေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ကျားဖောင်လုပ်သားတွေဟာ လုပ်ငန်းစချိန် စတင်ဘာလမှာ ပင်လယ်ပြင်ထွက်ရပြီး ရာသီသိမ်းချိန် ဧပြီလပိုင်းမှ ကမ်းပြန်လာရတာကြောင့် မဲစာရင်းမှာပါဝင်မှု ရှိ မရှိ မစစ်ဆေးနိုင်သလို ကြိုတင်မဲပေးတဲ့နေ့နဲ့ မဲပေးတဲ့နေ့ရက်တွေမှာ ပြန်မလာနိုင်တာကြောင့် မဲပေးခွင့်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
“ကျားဖောင်လုပ်သားအများစုက ဒေသခံတွေ ပါသလို နယ်ဝေးကလာလုပ်တဲ့ လူတွေလည်း ပါတယ်။ မဲစာရင်းထဲမှာ ပါရင်တော့ သတ်မှတ်ရက် လာပြီး မဲပေးလို့ရတယ်။ သူတို့ ပင်လယ်ထဲရောက်နေရင်တော့ မဲပေးခွင့် ဆုံးရှုံးမှာပေါ့” လို့ NLD ပါတီရဲ့ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောပါတယ်။
ဖျာပုံဒေသက ကျားဖောင်လုပ်သားတွေ မဲပေးခွင့်ဆုံးရှုံးရတာဟာ ကျားဖောင်လုပ်ငန်း သဘော သဘာဝကြောင့် မဲပေးဖို့ အဆင်မပြေဖြစ်နေရတာလို့ ဆိုပါတယ်။
ဖျာပုံဒေသက ကျားဖောင်လုပ်ငန်းရှင်တွေကတော့ မဲပေးမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျားဖောင်လုပ်သားတွေကို မဲပေးဖို့အတွက် ကမ်းပေါ်ပြန်တင်ပေးဖို့ အခက်အခဲ များစွာရှိတယ်လို့ ပြောပါတယ်။
ဖျာပုံခရိုင်မှာ ကျားဖောင်လိုင်စင်လျှောက်ထားတဲ့ စာရင်းတွေအရ လိုင်စင် ၂၀၂ ခုရှိပြီး ၁ ခုကို စက်လှေ ၁ စီးနဲ့ ဖောင် ၁၀ ဖောင်ပါဝင်ကာ ရေလုပ်သား ၈၈၅၁ ဦး အလုပ်လုပ်ကိုင်နေတယ်လို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)