နေပြည်တော်တွင် တပ်မတော်သားများ ကြိုတင်ဆန္ဒမဲပေး
DVB
·
November 6, 2020
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျန်စစ်သားရပ်ကွက် မဲရုံ ၁ မှာ နိုဝင်ဘာ ၆ ဒီနေ့ မနက်ပိုင်းက တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့ အငြိမ်းစားတွေ၊ ဂိတ်စောင့်တာဝန်ကျ တပ်မတော်သားတွေ စုစုပေါင်း ၃၀၀ လောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြပါတယ်။
ဒီ မဲရုံအမှတ် ၁ ဟာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အတွင်းမှာ တည်ရှိတာဖြစ်ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်း ၅၀၀၀ လောက်ရှိကာ ကြိုတင်ဆန္ဒမဲပေးသူဟာ ဒီနေ့အပါအဝင် စုစုပေါင်း ၁၀၀၀ ကျော်လောက်ရှိတယ်လို့ မဲရုံတာဝန်ရှိသူကပြောပါတယ်။
တပ်တွင်းမှာ တည်ရှိတဲ့ မဲရုံတစ်ရုံဖြစ်ပေမယ့် တပ်မတော်သားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးတာကို တွေ့ရတယ်လို့ အန်အယ်လ်ဒီပါတီရဲ့ မဲရုံကိုယ်စားလှယ် ဦးအောင်ထွန်းဦးက ပြောပါတယ်။
ဇေယျာသီရိမြို့နယ်အတွင်းမှာ တပ်တွင်းမဲရုံတွေအပါအဝင် မဲရုံပေါင်း ၇၄ ရုံ ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၈၀,၀၀၀ ကျော်ရှိနေပါတယ်။
ဇေယျာသီရိမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကိုတော့ အန်အယ်လ်ဒီပါတီက ဒေါက်တာမိုးဆွေနဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတို့ အဓိက ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့်