ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတွင် ကြိုတင်ဆန္ဒမဲပေး
DVB
·
November 5, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်မဲရုံမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက်က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ ကြိုတင်မဲလာပေးခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ အားလုံးအချိန်ပေးပြီး မဲလာပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။
မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဝင်ပြိုင်မှာဖြစ်ပြီး KSPPပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်း ( ရှမ်းနီ ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီစတဲ့ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့အတူ ယှဉ်ပြိုင်ရမှာပါ။
အောက်တိုဘာ ၅ ရက်နေ့မနက်အထိ ဧရာရပ်ကွက်မှာ အသက် ၆၀ ကျော်အရွယ်တွေ၊ ခရီးသွားမယ့်သူတွေနဲ့ ရွေးကောက်ပွဲနေ့မှာတာဝန်ထမ်းဆောင်မယ့်ဝန်ထမ်းတွေ ကြိုတင်မဲ လာပေးခဲ့ပြီး လူဦးရေ ၂၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
သတင်း- မီးမီး