ဒဂုံဆိပ်ကမ်းမြို့နယ်၌ ရွေးကောက်ပွဲအတွက် ယာယီမဲရုံများပြင်ဆင်နေ
DVB
·
November 3, 2020
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်မှာ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲအတွက် ယာယီမဲရုံတွေ စတင်ပြင်ဆင်ဆောက်လုပ်နေပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်အောင် မဲရုံတွေကို စာသင်ကျောင်းတွေအပြင် ကံ့ကော်လမ်းမကြီးတလျှောက် ထပ်မံတိုးချဲ့ထားတာ ဖြစ်ပါတယ်။
အခုအခါမှာ မဲရုံတွေကို တဝက်နီးပါးလောက် ဆောက်လုပ်ပြီးစီးထားတာကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ ယာယီမဲရုံဆောက်နေတဲ့နေရာဘေးမှာ ဈေးခင်းရောက်ချနေတာလည်းရှိတဲ့အတွက် စျေးသည် ဈေးဝယ်တွေ ရပ်ကွက်အတွင်းနေထိုင်သွားလာဖြတ်သန်းသွားသူတွေနဲ့ မလွတ်မလပ်ဖြစ်နေတာလည်း တွေ့ရပါတယ်။
(၉၄) ရပ်ကွက်မှာ စျေးရုံရှိပေမဲ့ စျေးရုံအတွင်း လူသွားလူလာနည်းပြီး ဝယ်သူမရှိတဲ့အတွက်ကြောင့် ဒီလမ်းမကြီးပေါ်မှာ ဈေးသည်တွေက ပြန်လည်ရောင်းချနေရတာဖြစ်တယ်လို့ လာရောက်ရောင်းချသူတွေက ပြောပါတယ်။
“စည်ပင်ဥပဒေနဲ့ဆို ပစ္စည်းသိမ်းပြီး ဒဏ်ကြေးရိုက်တာပဲ လုပ်လို့ရတယ်။ ဒါကြောင့် စျေးရုံ အတွင်းမှာ ပြန်ရောင်းချအောင် မြို့နယ်ထွေအုပ်နဲ့ပူး ပေါင်းပြီး ကိုဗစ်ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်” လို့ မြို့နယ်စည်ပင် လက်ထောက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မဲရုံပေါင်း ၁၂၈ ရုံရှိပြီး (၉၄) ရပ်ကွက်မှာ ၂၆ ရုံထားရှိထားကာ မဲပေးနိုင်သူပေါင်း ၃၀,၀၀၀ နီးပါး ရှိပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့အထိ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လူပေါင်း ၆၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။
သတင်း - အိသဇင်ခိုင်