ပခုက္ကူခရိုင်၌ မြို့နယ် ၂ ခု၏ မဲလက်မှတ်များ ရောနှောပါဝင်နေ
DVB
·
November 3, 2020
ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေအတွက်ထုတ်ပေးထားတဲ့ မဲလက်မှတ်စာအုပ်တွေမှာ မြို့နယ် ၂ ခုရဲ့ မဲလက်မှတ်တွေရောနှောပါဝင်နေတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောပါတယ်။
ရေစကြိုမြို့နယ်အတွက် ထုတ်ပေးထားတဲ့မဲလက်မှတ်စာအုပ်တခုထဲမှာ တတိယမဲစာရွက်က စတင်ပြီး ၃၂ ရွက်မြောက်အထိကို မကွေးမြို့နယ်ရဲ့ မဲလက်မှတ်တွေဖြစ်နေပြီး ၃၃ ကနေ ၅၀ အထိက ရေစကြိုမြို့နယ် မဲလက်မှတ်တွေဖြစ်နေတယ်လို့ သိရပါတယ်။
အဲ့လို မဲလက်မှတ်တွေမှားယွင်းမှုဖြစ်ပေါ်ခဲ့တဲ့ ကျေးရွာက ကြိုတင်မဲပေးသူတွေကို နိုဝင်ဘာလ ၂ ရက်နေ့မှာ မဲပြန်လည်ပေးခွင့်ပြုခဲ့တယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရပါတယ်။
မဲလက်မှတ်စာအုပ်တအုပ်မှာ ဆန္ဒမဲ လက်မှတ် အရွက် ၅၀ ပါဝင်ပြီး သက်ဆိုင်ရာ ၅ မြို့နယ်ကို ဆန္ဒမဲစာရွက်တေကို တရွက်ခြင်းစစ်ဆေးရန်မှာကြားထားတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောပါတယ်။
ဆိတ်ဖြူမြို့နယ်က မဲလက်မှတ်တွေကိုတော့စစ်ဆေးပြီးသွားပြီး အမှားအယွင်းမရှိကြောင်းနဲ့ တခြားမြို့နယ်တွေကတော့ စစ်ဆေးနေဆဲပဲလို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို