ဧရာဝတီတိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ၊ စုစုပေါင်း ၂၄ ဦးရှိလာ
DVB
·
November 1, 2020
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့မှာ နိုဝင်ဘာ ၁ ရက်နေ့က ဒုရဲအုပ်အဆင့် ရဲအရာရှိအပါဝင် စုစုပေါင်း ၃ ဦး ရောဂါပိုးကူး စက်ခံခဲ့ရတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရောဂါဘယ်လိုကူးစက်ခံရတယ်ဆိုတာ ရာဇဝင်လိုက်နေပြီး ရဲစခန်းမှာတော့ ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်ဖို့ မှာကြားထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက DVB ကိုပြောပါတယ်။
"ရဲတပ်ဖွဲ့ဝင်တွေ ကူးစက်ခံရတာ ဟုတ်ပါတယ်၊ ဘယ်လိုကူးစက်ခံရတယ်ဆိုတာကတော့ ရာဇဝင်လိုက်နေပါတယ်။ လောလောဆယ် ရဲစခန်းမှာ ကျန်းမာရေးရဲ့ ညွှန်ကြားချက်တွေအတိုင်း နေထိုင်ဖို့ ညွှန်ကြားထားပါတယ်" လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။
လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့မှာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးအပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ ဦးပါ ရောဂါပိုးကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ထိ ရဲတပ်ဖွဲ့က အရာရှိ ရဲတပ်ဖွဲ့ဝင် ၇ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးနဲ့ ရဲတပ်ဖွဲ့ မိသားစုဝင် ၁ ဦး စုစုပေါင်း ၂၄ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)