Homeမြန်မာသတင်း
မြစ်ကြီးနား မဲရုံအချို့တွင် ကိုဗစ်စည်းကမ်းအားနည်းသဖြင့် ရောဂါကူးမည်ကို ပြည်သူများစိုးရိမ်
မြစ်ကြီးနား မဲရုံအချို့တွင် ကိုဗစ်စည်းကမ်းအားနည်းသဖြင့် ရောဂါကူးမည်ကို ပြည်သူများစိုးရိမ်
DVB
·
November 1, 2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်ကစတင်ကာ အသက် ၆၀ နဲ့ အထက်တွေ ကြိုတင်မဲဆန္ဒပေးနေကြပြီး မဲရုံအချို့မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေ အားနည်းတဲ့အတွက် ရောဂါကူးစက်မှာကို စိုးရိမ်တယ်လို့ မဲပေးပြည်သူတွေက ပြောပါတယ်။
မဲဆန္ဒရှင် ဒေါ်အားဝူမိ က "မဲလာပေးတာ mask တပ်သူက တပ်တယ်၊ မတပ်သူက မတပ်ဘူး။ mask ပေးတာလည်းမရှိဘူး၊ Hand gel ထားပေးတာလည်းမရှိဘူး၊ အဖျားတိုင်းတာလည်းမရှိဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောခွင့်ဆိုခွင့်မှမရှိတာ အောင့်အည်း ခံရုံပဲရှိတာပေါ့။ ကိုဗစ်-၁၉ ရောဂါ ဖြစ်သွားမှာတော့ စိုးရိမ်တယ်" လို့ ပြောပါတယ်။
ရွေးကောက်ပွဲမှာ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ဖို့ မဲရုံပြင်ပနဲ့ မဲရုံအတွင်းမှာ တဦးနဲ့တဦး ၆ ပေခွာဖို့၊ နှာခေါင်းစည်း အသုံးပြုဖို့၊ မဲရုံကို မိမိကိုယ်ပိုင်ဘောလ်ပင်ယူဆောင်လာဖို့နဲ့ မဲရုံအတွင်း ရေမလို လက်သန့်ဆေးရည်တွေ ထားရှိဖို့ ပြည်ထေါင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
လယ်ကုန်းရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌက "ကြိုတင်မဲမှာ mask၊ hand gel ဘာမှထုတ်မပေးထားပါဘူး။ အချို့နေရာတွေကတော့ ဘယ်လို လုပ်သလဲ မသိဘူး၊ ကျနော်တို့ဆီမှာ ဘာမှ မရသေးဘူး၊ မဲရုံအတွက်တောင် ဒီနေ့မှသွားထုတ်ရမှာ။ ကျနော်တို့ဆီမှာ လုံးဝ မရသေးတဲ့အတွက် ဘာမှ လုပ်မပေးထားဘူး" လို့ ပြောပါတယ်။
ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၃၅ ဦးရှိပြီး မြစ်ကြီးနား မြို့နယ်မှာ ၁၆ ဦးရှိတယ်လို့ ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနား ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက "ကြိုတင်မဲအတွက်ကတော့ ထောက်ပံ့ပေးတာမရှိဘူး။ ကြိုတင်မဲအတွက်က အရေးပေါ်စီစဉ်ရတာဆိုတော့ တတ်နိုင်တဲ့ ရပ်ကျေးကော်မရှင်ကတော့ mask နဲ့ hand gel တွေ စီစဉ်ပေးထားတယ်။ နိုဝင်ဘာ ၈ ရက်နေ့အတွက်ကတော့ PPE ဝတ်စုံ၊ mask နဲ့ Hand gel တွေ ထောက်ပံ့ပေးမှာပါ" လို့ ပြောပါတယ်။
မြစ်ကြီးနားခရိုင်မှာ အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးမယ့်သူ စာရင်းအရ ၄၅၀၀၀ ကျော်ရှိပြီး မြစ်ကြီးနားမြို့နယ်မှာ ၂၈၀၀၀ ကျော်ရှိတယ်လို့ မြစ်ကြီးနား ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။
ထူးထူး (ဗိုလ်ကလေး)