စစ်ကိုင်းတွင် အန်အယ်လ်ဒီပါတီ ဝန်းရံသူများ အင်အားပြလှည့်လည်မဲဆွယ်
DVB
·
November 1, 2020
စစ်ကိုင်းမြို့နယ်မှာ အောက်တိုဘာ ၃၁၀ ရက်နေ့က အန်အယ်လ်ဒီပါတီ ဝန်းရံသူ ၁ သိန်းကျော် အင်အားပြလှည့်လည်မဲဆွယ်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် စစ်ကိုင်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီ ထောက်ခံဝန်းရံသူ ၁ သိန်းကျော်က အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၉ နာရီကစတင်ပြီး မွန်းလွဲပိုင်းအချိန်အထိ ကား၊ ဆိုင်ကယ်၊ မြင်းလှည်း၊ နွားလှည်း၊ သုံးဘီးတွေနဲ့ လှည့်လည်ခဲ့ကြတာပါ။
ကောင်းမှုတော်ဘုရားရှေ့မှာ စုရပ်ပြုလုပ်ပြီး ပါတီစည်းရုံးရေး/အောင်နိုင်ရေး သီချင်းတွေ ဖွင့်ကာ မုံရွာ၊ မန္တလေး ကားလမ်းမတစ်လျှောက်ကနေ စစ်ကိုင်းမြို့အတွင်းကို စီတန်းလှည့်လည်ချီတက်ခဲ့ကြပါတယ်။
အဆိုပါ လှည့်လည်လာခဲ့ကြတဲ့ လူအုပ်ကို မြို့နယ်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက စစ်ကိုင်းမြို့အတွင်း ဝင်ရောက်လှည့်လည်တာမလုပ်ဖို့ အသင်္ခယာ စောယွန်းအဝိုင်းမှာ စောင်ဆိုင်းပြီး ပြန်လည်စေလွှတ်ခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက DVB ကို ပြောပါတယ်။
စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးနိုင်က “ကျနော်တို့ ဒီနေ့မနက်က မန်ကျည်းစဉ်ဘက်ကနေ NLD ပါတီ ထောက်ခံဝန်းရံတဲ့ပြည်သူတွ လူစုလူဝေးနဲ့ မြို့ထဲလှည့်လည်လာတာသိရလို့ သူတို့လာတဲ့လမ်းတလျှောက် လုံခြုံရေးအပြည့်နဲ့ စောင့်ကြည့်ပါတယ်။ သက်မှတ်လူဦးရေ ၅၀ ထက် ကျော်လွန်နေလို့ ဓာတ်ပုံ၊ ဗွီဒီယိုတွေနဲ့ မှတ်တမ်းတင်ထားပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေကို တင်ပြအကြောင်းကြားထားပါတယ်။ ကျနော်တို့ ပြဿနာမတက်အောင်၊ လူစုလူဝေးဆက်မဖြစ်ရအောင် ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့တာပဲရှိတယ်။ ဖမ်းဆီးထိန်းသိမ်းတာတွေတော့မရှိသေးပါဘူး” လို့ ပြောပါတယ်။
အခုလို အင်အားပြ လှည့်လည် မဲဆွယ်တာနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
ဒေသခံ ဦးသိန်းစိုးက “ကျနော်တို့ အခုလို ပါတီတွေ၊ လူအုပ်ကြီးတွေနဲ့ မဲဆွယ်တာကို သဘောမကျပါဘူး။ ကိုဗစ်-၁၉ ရောဂါနဲ့ ပို့တွေ့လူနာတွေကလည်း တနေ့တခြားတိုးတိုးလာနေတယ်။ ကျနော်တို့ အရမ်းစိုးရိမ်မိပါတယ်။ မကြာခင်ရက်ပိုင်းကလည်း သက်ဆိုင်ရာ အစိုးအဖွဲ့စည်းတွေက လူစုလူဝေးတွေ မလုပ်ကြဖို့ တားမြစ်စာတွေ ထုတ်ထားပါတယ်၊ အရေးယူဖို့ရန်စာတွေလည်း ထွက်ရှိထားပါတယ်။ ဒါတွေကို ပါတီခေါင်းဆောင်တွေနဲ့ ပြည်သူတွေက လိုက်နာကြဖို့ကောင်းပါတယ်။ သူတို့ဒီလိုလှည့်လည်နေမဲ့အစား နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်သူတွေ မဲရုံတွေ မဲသွားပေးကြဖို့နဲ့ မဲဘယ်လိုပေးတက်အောင် လိုက်လံပြီး အသိပညာပေးလုပ်ဆောင်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ စစ်ကိုင်းမြို့နယ်အတွင်း ပါတီပေါင်း ၆ ပါတီဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၂၄၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ရဲနိုင်ဆွေ