Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် အီလွန်မတ်စ်ခ် လူမှုကွန်ရက် X တွင် မဲဆွယ်အင်တာဗျူးလုပ်
DVB
·
August 13, 2024
Photo-Reuters

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်နဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ဟာ မတ်စ်ခ်ရဲ့ လူမှုကွန်ရက် X ကနေတဆင့် ၂ နာရီကြာ မဲဆွယ်အင်တာဗျူးပုံစံမျိုး ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ကမ္မလာဟားရစ်အပေါ် လူကြိုက်များမှု မြင့်တက်လာမှုကို တန်ပြန်ဖို့ ထရမ့်ပ်ဘက်က ရပ်တည်ထားတဲ့ မတ်စ်ခ်က မဲဆွယ်ပေးခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ မတ်စ်ခ်တို့ဟာ ကိစ္စတော်တော်များများမှာ သဘောတူခဲ့ကြပြီး သူတို့ရဲ့ အငြင်းပွားဖွယ် အမြင်တွေကိုလည်း ထုတ်ဖော်ခဲ့ကြပါတယ်။

X လူမှုကွန်ရက်ရဲ့ Space ပလက်ဖောင်းကနေ ပြောဆိုမယ့်ကိစ္စဟာ နည်းပညာပိုင်း အခက်အခဲကြောင့် ၁၅ မိနစ်လောက် နောက်ကျခဲ့ရပြီး မတ်စ်ခ်ကတော့ ဆိုက်ဘာ တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုမှာ ထရမ့်ပ်က ဟားရစ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အစွန်းရောက် လက်ဝဲမူဝါဒတွေ ကိုင်စွဲထားတယ်လို့ စွပ်စွဲခဲ့သလို သမ္မတဘိုင်ဒင်ကို ဖယ်ရှားဖို့ အာဏာသိမ်းရာမှာ ပါခဲ့တယ်လို့ ဆိုပါတယ်။

မတ်စ်ခ်ကလည်း ဟားရစ်ရဲ့ မူဝါဒတွေဟာ တိုင်းပြည်အတွက် မကောင်းဘူးလို့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။

လုပ်ကြံမှုနဲ့ ကြုံရတဲ့ အကြောင်းကိုလည်း ထရမ့်ပ်က ပြန်ပြောပြခဲ့ပြီး မတ်စ်ခ်က ထရမ့်ပ်ရဲ့ တုံ့ပြန်မှုကို ချီးကျူးခဲ့ပါတယ်။

မူဝါဒပိုင်းမှာတော့ သူသာ ရွေးကောက်ခံရရင် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ပြီး ပညာရေးအတွက် ပြည်နယ်တွေကို စိတ်တိုင်းကျ လုပ်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုထက် နျူးကလီးယားပူနွေးမှု အန္တရာယ်က ပိုကြီးတယ်လို့လည်း ပြောခဲ့ပါတယ်။

မတ်စ်ခ်က ထရမ့်ပ်အစိုးရအဖွဲ့မှာ ရာထူးယူဖို့ အရိပ်အယောင်ပြခဲ့ပြီး အစိုးရအသုံးစရိတ် အဆင်ပြေအောင် ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်။

ထရမ့်ပ်ကလည်း အဲဒီအိုင်ဒီယာကို ကြိုဆိုခဲ့ပြီး မတ်စ်ခ်ရဲ့ စီးပွားရေးအမြင်နဲ့ စရိတ်လျှော့တာ ကျွမ်းကျင်မှုကို ချီးကျူးခဲ့ပါတယ်။

အသံပဲကြားရတဲ့ ဆွေးနွေးမှုကို လူမှုကွန်ရက် X မှာ ဝင်ရောက်နားထောင်သူ ၁ ဒသမ ၃ သန်းတောင် ရှိခဲ့ပါတယ်။

မတ်စ်ခ်ရဲ့ လူမှုကွန်ရက် X အတွက် ဆွဲဆောင်မှုတခု ဖြစ်ခဲ့သလို ထရမ့်ပ်အတွက်လည်း မဲဆွယ်ပေးရာ ရောက်တဲ့အတွက် ၂ ဦး အကျိုးရှိတဲ့ စကားပြောခန်း ဖြစ်ခဲ့ပါတယ်။

တဖက်မှာတော့ ဟားရစ် မဲဆွယ်အဖွဲ့က ထရမ့်ပ်တို့ ဆွေးနွေးပွဲ နည်းပညာ အခက်အခဲ ဖြစ်တာကို လှောင်ပြောင်ခဲ့ကြပါတယ်။

၂၀၂၄ မှာ Live မလွှင့်တတ်တာကို ဟာသလုပ်ခဲ့သလို ထရမ့်ပ်ဘက်မှာ အီလွန်မတ်စ်ခ်လို ကိုယ့်ဖို့သာ ကြည့်တတ်တဲ့ လူလတ်တန်းစားကို ရောင်းစားမယ့် လူချမ်းသာတွေနဲ့ ပြည့်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013