တရုတ်ကို ကုန်ပို့သည့် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက်များ ဆန္ဒမဲပေးရန် အခက်အခဲရှိ
DVB
·
October 31, 2020
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ မူဝါဒအရ မိမိမဲပေးမယ့် နေရာဒေသမှာ အနည်းဆုံး ရက်ပေါင်း ၉၀ နေထိုင်သူတွေမှသာ မဲပေးလို့ရတာကြောင့် မူဆယ် ၁၀၅ မိုင်ကနေ ကျင်ဆန်းကျော့နဲ့ မန့်ဝိန်းဂိတ်တွေကနေ တရုတ်နိုင်ငံကို ကုန်တင်ပို့ဖို့ စောင့်နေတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်အချို့ အခက်အခဲ ရှိနေပါတယ်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲ ပေးချင်ပေမဲ့ ကုန်ပို့ပြီး နေရပ်ပြန်ရင် အချိန်မမီနိုင်တော့တာကြောင့် မဲပေးဖို့ အဆင်မပြေနိုင်တော့ဘူးလို့ တရုတ်နိုင်ငံဘက်ကို ပစ္စည်းတင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ တောင်သာမြို့နယ် ဆမီးခံက ယာဉ်မောင်း ကိုဂျင်ဘိုက DVB ကို ပြောပါတယ်။
ပထမဆုံး မဲပေးရမယ့်သူဖြစ်လို့ မဲအရမ်းပေးချင်ပေမယ့် ဂျူတီရပြီး ကားစ တန်းခါစမို့ ဘယ်လိုမှ ရွေးကောက်ပွဲမမီနိုင်ပဲ ၅ နှစ်မှတကြိမ် အခွင့်အရေးရတာကို လက်လွှတ် ဆုံးရှုံးရတော့မယ်လို့ ယာဥ်နောက်လိုက်ဖြစ်သူ မောင်မောင်က DVB ကိုပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ မူဝါဒအရ မိမိမဲပေးမည့် နေရာဒေသမှာ အနည်းဆုံး ရက်ပေါင်း ၉၀ နေထိုင်သူမှသာ မဲပေးလို့ရတာဖြစ်ပြီး ကားတန်းရတာက အကြာဆုံး ၁ လ ကျော်လောက်သာ ရှိနေတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်စိုးက DVB ကို ပြောပါတယ်။
တန်းစီစောင့်ဆိုင်းနေတဲ့ ကားမားတွေထဲမှာ တရုတ်ဘက်ကို ကုန်စည်တင်ပို့ပြီး နေရပ်ပြန်တဲ့အခါ အချိန်မီတဲ့အတွက် မဲပေးနိုင်တဲ့သူတွေလည်း ရှိပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားသမားတွေကတော့ မဲပေးနိုင်မှာ မဟုတ်ပါဘူး။
တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံကို ကုန်တင်ပို့တဲ့ကားတွေကို ယာဉ်မောင်းအစားထိုး မောင်းနှင်တဲ့စနစ် ပြောင်းလဲ သတ်မှတ်ထားတာကြောင့် ၁ ရက်ကို ပျှမ်းမျှ အစီးရေ ၅၀ ဝန်းကျင်သာ ကုန်စည်တင်ပို့နိုင်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဘက်မှာ ကားတွေက အချိန်ပေးပြီး တန်းစီစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။