ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က တရားမဝင်ကုန်ပစ္စည်းတွေ သယ်မလာစေဖို့လို့ ခေါင်းစဉ်တပ်ပြီး ကုန်တင်ယာဉ်တွေကို စစ်ဆေးကာ အနည်းဆုံး ငွေ ၅၀,၀၀၀ မပေးရင် မြို့ထဲဝင်ခွင့်မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ မြို့ထဲကိုဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေကို စစ်တပ်ကဦးဆောင်ပြီး ရပ်တန့်ပိတ်ဆို့ စစ်ဆေးနေတာဖြစ်ပြီး ငွေကျပ် ၅၀,၀၀၀ ကနေ ၈၀,၀၀၀ အထိပေးမှ မြို့ထဲဝင်ခွင့်ပေးတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “စစ်တာကတော့ အကုန်စစ်တာ၊ ကုန်တင်ယာဉ် မှန်သမျှကို။ အဓိကထား ဘာကိုမေးစစ်လဲဆိုတော့ ဆေးဝါးတွေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေသယ်တဲ့ ကားတွေကိုပါ။ ကျန်တာတွေ အဲ့လောက်မဟုတ်ဘူး၊ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေ ပါလာမှာစိုးလို့ စစ်တာတဲ့။ ထားပါ လုံခြုံရေးအတွက် တရားမဝင်ကုန်တွေ သယ်မလာစေဖို့ဆို ဘာလို့ငွေတောင်းတာလဲ၊ ငွေမပေးရင် ဘာလို့မြို့ထဲပေးမဝင်တာလဲ” လို့ ပြောပါတယ်။
အဲ့ဒီလို စစ်ဆေးတာတွေကို လုပ်ဆောင်နေတာကြောင့် ကုန်စည်သယ်ယူတဲ့အခါ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ကြန့်ကြာမှုတွေ ရှိလာတာကြောင့် ကုန်စည်စီးဆင်းမှုတွေပါ ထိခိုက်လာတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ဆိုပါတယ်။
“အထောက်အထား အချက်အလက်အစုံနဲ့ ထုတ်ပြတော့လည်း မရဘူး။ အချက်အလက်စုံလည်း ရစ်တယ်၊ ဟောက်တယ်၊ ငွေပေးရင် အဆင်ပြေတယ်၊ မပေးရင် မြို့ထဲမဝင်ရပါဘူး။ နောက်တကြောင်းလောက်ရအောင် အမြန်သွားခွင့်ပြုပါလို့ ပြောတော့လည်း မရဘူး။ မပေးမချင်း ရစ်နေတော့ အချိန်ကြန့်ကြာတယ်။ ဒီအတိုင်းဆို ကုန်စည်သယ်မှုတွေပါ ထိခိုက်လာတယ်။ ခေါင်းစဉ်ကောင်းကောင်းတပ်ပြီး ငွေတောင်းတာ သက်သက်ပဲ လုပ်နေတာ” လို့ ကုန်တင်ကားသမားတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာကလည်း ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးလို့ဆိုကာ ရေယာဉ်တွေ၊ စက်လှေတွေကို စစ်ဆေးပြီး အနည်းဆုံး ငွေ ၁၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ တောင်းယူခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။