ဖားကန့်တွင် လသားအရွယ် ကလေး ၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦးတွေ့ရှိ
DVB
·
October 31, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ အောက်ဘာလ ၃၀ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၈ ဦး ထပ်မံတွေရှိခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ် ၈ ဦးထဲမှာ လသားအရွယ် ကလေးငယ်နှစ်ဦး ပါဝင်နေပြီး ကူးစက်ခံရသူ ပိုးတွေ့လူနာအားလုံးဟာ တောင်ပြိုကျေးရွာက ဖြစ်တယ်လို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်မှု ကော်မတီထံဆီက သိရပါတယ်။
ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို စက်တင်ဘာ ၉ ရက်နေ့ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၉၂ ဦး ရှိလာပြီလို့ သိရပါတယ်။
ကူးစက်ခံရသူအများစုဟာ ဖားကန့်မြို့နယ်ရဲ့ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူနေထိုင်ခဲ့တဲ့ တောင်ပြိုရွာက အများဆုံးဖြစ်ပြီး ၈၄ ဦးရှိပြီလို့ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဆီက သိရပါတယ်။
ပိုးတွေ့လူနာအားလုံးဟာ ကျန်းမာရေးကောင်းမွန်နေပြီး အများစုက ဆေးရုံဆင်းခွင့် ရရှိသွားပြီလို့ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်းက ပြောပါတယ်။
"ပိုးတွေ့လူနာ ၉၂ ဦးထဲက ၈၁ ဦးဟာ ဆေးရုံး ဆင်းခွင့်ပြုလိုက်ပြီ။ ၁၁ ဦးပဲ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်။ သေဆုံးသူ တဦးမှ မရှိသေးဘူး။ လူနာအားလုံး ကျန်းမာရေးကောင်းကြတယ်။ စောင့်ကြည့်လူနာ၊ သံသယလူနာမရှိပါဘူး။ Swab ပို့ထားတဲ့ စောင့်ဆိုင်းအဖြေလည်း မရှိတော့ပါဘူး။"
ကချင်ပြည်နယ်အတွင်းမှာ ဖားကန့်မြို့နယ်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရသူအများဆုံး ဖြစ်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay at Home နေထိုင်ကြဖို့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာထားပါတယ်။
ဇော်မိုးထက် (ဖားကန့် )