စစ်ရေးလှုပ်ရှားမှုများ နိုဝင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ
DVB
·
October 30, 2020
မြန်မာနိုင်ငံတဝန်း အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေက လွဲလို့ ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ ညနေ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေနဲ့ ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ ဆိုပါတယ်။
ခုအခါ နိုင်ငံတော်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေ နေ့စဉ်တိုးပွားနေတဲ့အပြင် နိုဝင်ဘာ ၈ ရက်မှာလည်း နိုင်ငံတော်အတွက်အရေးကြီးတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ မြန်မာ့တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေနဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက် နေတာလို့ဆိုပါတယ်။
AA ၊ TNLA နဲ့ MNDAA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း တဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
ခုလိုတပ်မတော်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဘက်ကပါ အပစ်အခတ်ရပ်စဲကြောင်း အသီးသီးကြေညာနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေကတော့ မရပ်မနား ဆက်လက်ဖြစ်ပွားနေပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလ ကမ္ဘာတဝန်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်ကလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
Photo Credit-DSINFO