၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးသူအရေအတွက် သိသိသာသာလျော့နည်းမည့် အခြေအနေမရှိဟု စစ်တမ်းထုတ်
DVB
·
October 30, 2020
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်အရေအတွက်သိသိသာသာ လျော့နည်းကျဆင်းသွားမယ့်အခြေအနေမရှိဘူးလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတစ်ခုက စစ်တမ်းထုတ်ပြန် ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွထွေရွေးကောက်ပွဲကျင်းပဖို့ ရက်အနည်းငယ်သာလိုတော့ပြီး လက်ရှိမှာလည်း အောက်တိုဘာ ၂၉ ရက်နေ့က စတင်ပြီး အသက် ၆၀ အထက် ဘိုးဘွားတွေ ကြိုတင်ဆန္ဒမဲပေးနေကြသလို ကွာရန်တင်းစင်တာတွေမှာလည်း ဆန္ဒမဲကောက်ခံနေပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ New Myanmar Foundation ရဲ့ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ စစ်တမ်းအရ မဲပေးမယ့်သူ ၇၃ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ တာဝန်ရှိသူ ရွေးကောက်ပွဲအကြံပေး မမြနန္ဒာသင်းက ပြောပါတယ်။
ရွေးကောက်ပွဲကာလ နီးကပ်လာသလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကလည်း ဆက်လက် တိုးနေပြီး အထူးသဖြင့် ရန်ကုန်မှာ ရောဂါကူးစက်ခံရသူ နေ့စဉ် ထောင်နဲ့ချီရှိလာနေတာပါ။
ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေအနေနဲ့ မဲရုံတွေမှာ မဲပေးမှုနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင်အသိပညာပေးရေးတွေကို လည်းပြသထားဖို့လိုတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PACE မှ ကိုဟန်စိုးထွန်းက တိုက်တွန်း ပြောပါတယ်။
ဒါ့အပြင် တခြားရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကလည်း အောက်တိုဘာ ၂၆ ရက်က စတင်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ အဖွဲ့တွေ စေလွှတ်ထားပြီးဖြစ်ပါတယ်။
ကြိုတင်မဲပေးမှု အခြေအနေကို လေ့လာချက်အရ ကြိုတင်မဲစာအိတ်ပွင့်နေတာတွေ၊ ရပ်ကျေးကော်မရှင်နဲ့ မဲဆန္ဒရှင်နဲ့ပြဿာနာဖြစ်နေတာတွေနဲ့ တချို့နေရာတွေမှာ မဲဆန္ဒနယ် တိုင်း ၁ နဲ့ ၂ လက်မှတ် မှားပေးတာတွေရှိတာကြောင့် မဲပေးတာကို ခဏရပ်ပြီး ပြန်လည်ပေးတာ ကိုလည်းတွေ့နေရတယ်လို့ စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေကနေ ဆန္ဒမဲပေးကြခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူ အရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် ၃ ဆတိုးလာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။
ဆန္ဒမဲပေးဖို့ စာရင်းသွင်းထားပြီး တကယ်တမ်း မဲလာပေးတဲ့သူ ရာခိုင်နှုန်းကတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၇၅ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၆၉ ရာခိုင်နှုန်းပဲ ရှိတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။
ခင်ငြိမ်းချမ်း