ရွေးကောက်ပွဲအတွက် ရေးမြို့နယ်တွင် ကြိုတင်မဲစပေး (ဓာတ်ပုံ)
DVB
·
October 29, 2020
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ရေးမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲ စပေးနေကြပြီ ဖြစ်ပါတယ်။
အသက် ၆၀ နဲ့အထက် လူပုဂ္ဂိုလ်တွေ၊ မဲရုံမှာတာဝန်ထမ်းဆောင်ကြမဲ့ မဲရုံ၀န်ထမ်းတွေဟာ ရေးမြို့ပေါ် ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၄ အုပ်စုက ကြိုတင်မဲကို သတ်မှတ်ထားတဲ့ မဲပုံးတွေမှာ ပါတီကိုယ်စားလှယ်လောင်းတွေ ဆန္ဒမဲပေးနေကြတယ်လို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။
ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ သတ်မှတ်ထားပြီး ဆေးရုံမှာ နာမကျန်းတဲ့သူတွေ၊ အချုပ်သားတွေအပါအဝင် အကြောင်း တစုံတရာကြောင့် မဲရုံမှာ လာရောက်မဲမပေးနိုင်မှသာ ကြိုတင်မဲပေးဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်
ရေးမြို့နယ်မှာ အသက် ၆၀ နဲ့ အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၂၆၀၀၀ ကျော်ရှိပြီး ကြိုတင်မဲပေးခွင့်ရှိသူတွေကိုလည်း ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ မဲပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ ရေးမြို့နယ်အတွင်း နိုင်ငံရေးပါတီ ၆ ပါတီနဲ့ တသီးပုဂ္ဂကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တမြို့နယ်လုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂ သိန်း ၃ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ အရပ်ဘက်အဖွဲ့အစည်း ၃ ဖွဲ့ လောက် လေ့လာစောင့်ကြည့်သွားမယ်လို့
သိရပါတယ်။
နေမျိုးထွဋ်