အပူပိုင်းမုန်တိုင်း “မိုလေ့” မုန်တိုင်းငယ်အဖြစ် အားလျော့
DVB
·
October 29, 2020
လာအိုနိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း “မိုလေ့” ဟာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့တယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။
အဆိုပါ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းမှာ နေရာကွက် မိုးကြီးနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်ကတော့ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေကနေ ၇ လောက် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်ဒေသတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးဇလက ဆိုပါတယ်။