မြဝတီ-မဲဆောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်
DVB
·
October 26, 2020
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ယာယီပိတ်ထားခဲ့တဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၂) အပါအဝင် ကရင်ပြည်နယ် မြဝတီ- မဲဆောက် နယ်စပ်ကုန်သွယ်မှုတွေကို အောက်တိုဘာ ၂၆ ရက် ဒီနေ့ မနက် ပြန်လည် ဖွင့်လှစ်ပေးလိုက်ပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ယာယီပိတ်ထားရာမှ အခုပြန်ဖွင့်ပေးလိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံထွက် စိုက်ပျိုးကုန်တွေဖြစ်တဲ့ သခွါးသီး၊ သရက်သီး ခရမ်းချဉ်သီးနဲ့ တခြားဟင်းသီးဟင်းရွက် အိမ်ဆောက်ပစ္စည်းတွေ အပြင် ကျန်းမာရေးပစ္စည်းတွေနဲ့ အသားငါးတွေလည်း ကုန်သွယ်ခွင့် ပြန်လည်ရရှိသွားပါတယ်။
မြန်မာ- ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားအမှတ်(၂)ကနေ မြန်မာနိုင်ငံသား ယာဉ်မောင်းသူကို ထိုင်းနိုင်ငံဘက်က ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ အခမဲ့ စစ်ဆေးနေပြီး ထိုင်းကုန်စည်ပို့ဆောင်တဲ့ ထိုင်းယာဉ်မောင်းတွေကိုလည်း စစ်ဆေးနေပါတယ်။
မြဝတီ-မဲဆောက် နှစ်နိုင်ငံနယ်စပ်ကို ရက်အနည်းငယ် ပိတ်လိုက်တဲ့အတွက် ကုန်စည်ပို့ဆောင်ရေးမှာထိခိုက်မှုတွေရှိခဲ့သလို မြန်မာယာဉ်မောင်းတွေရဲ့ မိသားစုဝင်ငွေ ထိခိုက်တာလည်းရှိခဲ့ပါတယ်။
ထိုင်းစိုက်ပျိုးရေးသမားတွေနဲ့ နှစ်နိုင်ငံ ကုန်သည်တွေလည်း စီးပွားရေးထိခိုက်မှုရှိခဲ့ပြီး ထိုင်းကုန်သည်ကြီးတွေကတော့ တစ်ရက်ကို ထိုင်းငွေ ဘတ်သန်း ၂၀၀ လောက် ထိခိုက်နစ်နာမှု ရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်မှာတော့ ထိုင်းနိုင်ငံ တာခ်ရိုင် မြို့နယ်ပေါင်း ၄ ခုမှာ နယ်စပ်ကုန်စည်တင်ပို့ခွင့်ကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအပြင် သဘာဝဂိတ် ၃၃ ဂိတ်ကို လည်း လူသွားလာခြင်းမဟုတ်ဘဲ ကုန်စည်တင်ပို့တင်သွင်းခြင်း ပြန်ခွင့်ပြုထားပါတယ်။
သတင်း - ဖိုးစီ