ရန်ကုန်တိုင်းအတွင်း သား၊ ငါး၊ စားသောက်ကုန်များ လှည့်လည်ရောင်းချရန် စီစဥ်
DVB
·
October 25, 2020
ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်အရောက် သား၊ ငါး၊ စားသောက်ကုန်တွေ လှည့်လည်ရောင်းချပေးသွားဖို့ စီစဥ်နေတယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ကြေညာပါတယ်။
အဲဒီအစီအစဥ်ကို ရန်ကုန်တိုင်းအစိုးရရဲ့လမ်းညွှန်မှုနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့က ကြီးမှူးပြီး ညီနောင်လုပ်ငန်းရှင်အသင်းတွေက ရပ်ကွက်အလိုက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
အခုလို လှည့်လည်စျေးရောင်းပေးတာဟာ ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပေးလိုတဲ့အတွက်ကြောင့်ဖြစ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို မိမိတို့ရပ်ကွက်အတွင်းမှာ ဝယ်ယူရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။
စမ်းသပ်ကာလအဖြစ် အောက်တိုဘာ ၂၆ ရက်နေ့မှာ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ မြောက်ဒဂုံမြို့နယ်တွေက အိမ်ရာအချို့နဲ့ လမ်းမကျယ်တွေပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စည်ပင်သာယာရေးတို့ရဲ့ စီမံခန့်ခွဲမှုနဲ့ စတင်ရောင်းချသွားမှာပါ။
အောက်တိုဘာ ၂၇ ရက်နေ့မှာ သာကေတမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အရှေ့ဒဂုံမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဥ်ကို စက်မှုအသင်းချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ၊ စည်ပင်သာယာရေးရုံးများနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကတဆင့် ပြည်သူတွေသိအောင် ကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - Ei Thazin Khine