Homeမြန်မာသတင်း
ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြရန် ကြံ့ခိုင်ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်တိုက်တွန်း
ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြရန် ကြံ့ခိုင်ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်တိုက်တွန်း
DVB
·
October 22, 2020
ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြဖို့၊ နိုင်ရင်လည်းဝမ်းမသာဖို့နဲ့ ရှုံးရင်လည်း စိတ်မပျက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဟောင်း ဦးသိန်းစိန်က ပါတီ ဝင်တွေကို ပြောကြားလိုက်ပါတယ်။
ပါတီဝင်တွေနဲ့ ပါတီဝန်းရံသူတွေရဲ့ တင်ပြတောင်းဆိုချက်အရ ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်(နိုင်ငံတော်သမ္မတ-ငြိမ်း)က သတင်းစကားပါးလိုက်တာလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ပါတယ်။
“ရွေးကောက်ပွဲက အတော်ပင်နီးနေပြီ ဖြစ်ပါကြောင်း၊ သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြဖို့ပဲ လိုအပ်ပါကြောင်း၊ ရှုံးတာနိုင်တာကတော့ ရှိမှာပင်ဖြစ်ကြောင်း၊ နိုင်ရင်လည်းဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ ပြောလိုကြောင်း၊ တိုင်းပြည် ကောင်းဖို့ဆိုရင် မည်သူပဲလုပ်လုပ်၊ တိုင်းပြည်ကောင်းအောင်လုပ်ဖို့သာ အရေးကြီးပါကြောင်း။” ဦးသိန်းစိန်က ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်အောင် ထုတ်ပြန်ထားတဲ့ ညွှန်ကြားတွေနဲ့ အညီ စနစ်တကျ ကာကွယ်ကြရန် အထူးလိုအပ်တယ်လို့လည်း ပြောပါတယ်။
“ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရချိန်မှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတာက တော့ ကံဆိုးတာဟု ပြောရမှာဖြစ်ကြောင်း၊ ပြည်သူတွေ မဲသွားပေးချင်ပေမဲ့ ရောဂါကူးစက်မှာကို ကြောက်နေကြပါကြောင်း၊ မတတ်နိုင်ပါ။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါကြောင်း၊ မဲသွားပေးမယ်ဆိုရင်တော့ ရောဂါမကူးစက်နိုင်အောင် ကိုယ့်ကိုကိုယ် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ စနစ်တကျ ကာကွယ်ကြရန် အထူးလိုအပ် ပါကြောင်း၊ ဤရောဂါသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး၊ ရဟန်းရှင် လူမရွေး အသက်တွေကို နှုတ်ယူသွားတာဖြစ်လို့ အလွန်ကြောက်ဖို့ ကောင်းပါကြောင်း သတိထား၍ ဆောင်ရွက်ကြပါဟု ပြောကြားလိုပါကြောင်း။” ဦးသိန်းစိန်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၁၂၉ ဦး ဝင်ပြိုင်မယ်လို့ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အန်အယ်လ်ဒီပါတီပြီးရင် ကိုယ်စားလှယ်လောင်း အရေအတွက် ဒုတိယအများဆုံးဝင်ပြိုင်တာဖြစ်ပါတယ်။
ဓာတ်ပုံ- USDP