ကော့သောင်းမြို့ ၁၂ မိုင် စစ်ဆေးရေးဂိတ်၌ ယာဉ်နောက်လိုက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
October 21, 2020
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အဝင် ၁၂ မိုင် စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မှ ဝင်ရောက်လာတဲ့ ယာဉ်နောက်လိုက် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိတယ်လို့ ဂိတ်တာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကော့သောင်းမြို့ကိုဝင်ရောက်လာတဲ့ မော်တော်ယာဉ်တွေရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်-၁၉ ရောဂါရှိ မရှိ အမြန်စစ်ကိရိယာနဲ့ စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာပါ။
ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က “ပိုးတွေ့သူကို ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး အထူးသီးသန့်ဆောင်မှာ ထားရှိကုသမှု ပေးထားမှာပါ၊ လူနာကတော့ အခုကျန်းကျန်းမာမာပါပဲ။ သူနဲ့အတူပါလာသူကိုတော့ ကွာရန်တင်းဝင်ခိုင်းထားပါတယ်။ အရင်ပိုးတွေ့ထားတဲ့ အထူးရဲလည်း သက်သာနေပါ။ ပြီးနောက် ၂ ရက်လောက်ဆိုရင် ဆေးရုံကဆင်းလို့ရပြီ”လို့ ပြောပါတယ်။
အခုလက်ရှိ ကော့သောင်းမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦးရှိပြီး တစ်ဦးကတော့ ဆေးရုံက ဆင်းတော့မှာ ဖြစ်တယ်လို့ လို့ရပါတယ်။
အရင်က ကော့သောင်းမှာ ပိုးတွေ့လူနာ မလေးရှားပြန် တစ်ဦးနဲ့ နိုင်ငံခြားသင်္ဘောသား သုံးဦးတွေ့ရှိပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပါတယ်။
သတင်း - လတ်ကိုကိုဦး