Home
မြန်မာသတင်း
မြဝတီနယ်စပ်မှ ပြန်ဝင်လာသည့် ရွှေ့ပြောင်းလုပ်သားအချို့တွင် ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
April 28, 2023
343680910_653543936524184_3943598949816492012_n

ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားကနေ ပြန်ဝင်လာတဲ့ မြန်မာ‌ရွှေ့ပြောင်းလုပ်သားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာပြစ်ဒဏ်ခံရပြီး ပြန် လွှတ်လာတဲ့သူတွေထဲမှာ တချို့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရထားရတာ စစ်ဆေးတွေ့ရှိပါတယ်။ 

ဧပြီ ၂၆ ရက်က ပြန်ဝင်လာသူတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ၁၀ ဦးတွေ့ရှိကြောင်း၊ ဧပြီ ၂၇ နဲ့ ၂၈ ရက်တွေမှာလည်း ပိုးကူးစက်ခံရသူတွေ ထပ်တွေ့တယ်လို့ နေရပ်ပြန်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မြဝတီ အခြေစိုက် အလင်းသစ်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“တဖက်နိုင်ငံကနေပြန်ဝင်လာရင် ဒီဘက်မှာ ကိုဗစ်-၁၉ ပိုးရှိမရှိပြန်စစ်တယ်။ စစ်ဆေးလို့ ကူးစက်တာတွေ့ရင် ကျနော်တို့ပရဟိတအဖွဲ့က သွားကြိုပြီး ကွာရန်တင်းစင်တာတွေဆီ ပို့ပေးရပါတယ်ခင်ဗျ။ ပေါ့စ်တစ်ဖြစ်တဲ့လူက နေ့တိုင်းလိုတွေ့တယ်။ ၂၆ ရက်နေ့က ၁၀ ယောက် အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက်၊ မနေ့က ၉ ယောက် အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၄ ယောက်၊ သူတို့နဲ့ပါလာတဲ့ကလေး  ၂ ယောက်လည်း ထိစပ်သူအဖြစ်နဲ့ ကွာရန်တင်းဝင်ရတယ်။ ဒီကနေ့မနက်လည်း ပေါ့စ်တစ် ၉ ယောက်ထပ်တွေ့တယ်။ အဝင်ဂိတ်က ညနေမှပိတ်တာဆိုတော့ ဒီနေ့ စာရင်းအတိ အကျမရသေးဘူး။ နောက်ထပ်တွေ့မလား မပြောတတ်ဘူးခင်ဗျ။”

ကိုဗစ်-၁၉ ပိုးတွေ့သူနဲ့ ဆက်စပ်သူတွေကို မြဝတီအမှတ် ၄ ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်စင်တာမှာထားရှိပြီး လောလောဆယ် စင်တာမှာ လူ ၁၃၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

ပိုးကူးစက်ခံရသူတွေမှာ ရောဂါလက္ခဏာဆိုးရွားတဲ့သူတွေမရှိကြောင်း ၊ အများအား ဖြင့်သာမန်လူလိုပဲဖြစ်နေပြီး စစ်ဆေးကြည့်မှသိရကြောင်း၊ အဆိုပါစင်တာက လူနာနဲ့ ကွာရန်တင်းဝင်နေသူတွေအတွက် ဆေးကုသရေးနဲ့ စားရေးသောက်ရေးကို  နိုင်ငံတော်စရိတ်နဲ့ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်း ရနောင်းဘက်ကနေ မြန်မာပြည် ကော့သောင်းဘက်ကို ပြန်သွားတဲ့ သူတွေထဲမှာလည်း ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေ ရှိနေပါတယ်။ 

ထိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျပြီး လွှတ်ရက်စေ့လို့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ပြန်ရောက်လာကြသူတွေထဲမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၁၂ ဦးတွေ့ရှိတယ်လို့ ကော့သောင်းအခြေစိုက် ရွှေ့ပြောင်းလုပ်သားပညာရေး နဲ့ဖွံ့ဖြိုးရေး စင်တာ FED / MEC တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

သာမန်ပြန်ဝင်လာသူတွေထဲမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူမတွေ့သေးကြောင်းနဲ့ နေ့ချင်းပြန်ဆိုရင်တော့ ကိုဗစ်-၁၉ စစ်ဆေးမှုမရှိဘူးလို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024