တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ လ ၈ ရက်နေ့ မနက်က ဒုတိယနေ့အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပြည်သူတွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းဆရာ ဆရာမတွေ ပါဝင်လာပါတယ်။
ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ အမေစုနဲ့ ဦးဝင်းမြင့်ချက်ချင်းလွှတ်၊ ဘယ်ပါတီကို မဲထည့်ခဲ့လဲ NLD ကို မဲထည့်ခဲ့တယ်၊ အာဏာရှင်စနစ် ကျဆုံးပါစေ အစရှိတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ပါတယ်။
ဆန္ဒပြတဲ့အဖွဲ့တွေက သီရီမြိုင်ရပ်ကွက် ပြည်သူ့ရင်ပြင်နဲ့ ရန်ကြီးအောင်ဘော်လုံးကွင်း ရှေ့တွေမှာ စုရပ်လုပ်ပြီး ဗိုလ်ချုပ်လမ်းတလျှောက်ချီတက်လာကြပြီး အဝိုင်းပတ် အများပြည်သူ နားနေဆောင်ရှေ့မှာ စုကြကာ မြို့တပတ်လမ်းလျောက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ဆရာမတဦးက “ဒီမှာပါဝင်တာဟာ ပြည်သူ့အတွက်ပါ... ပြည်သူနဲ့အတူ ရပ်တည်ပါတယ်၊ စစ်အာဏာရှင် စနစ်ကို အလိုမရှိပါဘူး။ အမေစုနဲ့ သမ္မတကြီးကိုလည်း အမြန်ဆုံးလွှတ်မြောက်စေချင်ပါတယ်။ နိုင်ငံတကာကလည်း ဒီအတိုင်း ရပ်ကြည့်မနေစေချင်ပါဘူး။ ပြည်သူကလည်း ရပ်ကြည့်မနေကြပါနဲ့၊ အားလုံး ပူးပေါင်းမှအောင်မြင်နိုင်မှာဖြစ်တယ်”လို့ ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး