ကော့သောင်းမြို့တွင် ရေလုပ်သားများ ဆန္ဒပြ
DVB
·
September 21, 2020
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ မျက်နှာစာအရှေ့မှာ အစိုးရက ငါးဖမ်းခွင့် ပိတ်လိုက်တဲ့အတွက် ဒေသခံရေလုပ်သားတွေ စားဝတ်နေရေး အခက်တွေ့နေတာကြောင့် စက်တင်ဘာ ၂၀ ရက်က ကမ်းနားလမ်း ဝိတိုရိယ အငူရှေ့မှာ လူအင်အား ၃၀ လောက်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“အရင်တုန်းက ငါးဖမ်းနေကျ နေရာတွေမှာ ငါးဖမ်းလို့မရတော့တဲ့အတွက် သတ်မှတ်ထားတဲ့ ဧရိယာအပြင်ဘက်မှာ သွားဖမ်းရတဲ့အခါ အခက်အခဲတွေအများကြီးရှိလာတယ်။ ဒီနေရာတွေက ရေနက်တယ်ငါးမရှိဘူး။ ကျနော်တို့ လှေအရွယ်အစား စက်အင်အားနဲ့ဒီနေရာမှာ အလုပ်လုပ်ရင် အန္တရာယ်ရှိတယ်။ ဘယ်လိုမှ အလုပ်လုပ်လို့မရဘူး။ အလုပ်မဖြစ်တော့ အခက်အခဲတွေ ရှိလာတယ်”လို့ ငါးဖမ်းလှေပဲ့နင်းတဦးက ပြောပါတယ်။
ငါးဖမ်းလုပ်ကွက် ၄ ကွက်ပိတ်လိုက်တဲ့အတွက် ပြန်လည်ဖွင့်ပေးဖို့သက်ဆိုင်ရာဌာန အဆင့်ဆင့်ကို တင်ပြတောင်းဆိုခဲ့ပေမဲ့ အခုချိန်ထိရှင်းလင်းတိကျတဲ့ အဖြေမရသေးဘူးလို့လည်း သိရပါတယ်။
ငါးဖမ်းလုပ်ငန်းရှင် ဦးကျော်ကျော်နိုင်က “အခုအပိတ်ခံထားရတဲ့လေးကွက်က ကော့သောင်းမြို့ရဲ့ အရှေ့ဘက်မျက်နှာစာကို အပိတ်ခံထားရပါတယ်။ နိုင်ငံသားတယောက်အနေနဲ့ လန်ပိကျွန်းအမျိုးသားဥယာဉ်နေရာကို ချန်လှပ်ပြီး ကျန်သုံးကွက်ကို ကျနော်တို့ကို လုပ်ကိုင်ခွင့်ပြု စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့နေရာတွေမှာ ဒေသခံတွေအနေနဲ့ ထွက်လုပ်ကိုင်ဖို့ဆိုတာ အန္တရာယ်ရှိတယ်။ နေရာအခက်အခဲရှိတယ်၊ သဘာဝဘေအန္တရာယ်ရှိတယ်။ ပြီးတော့ ရေရှိတိုင်းလည်း ငါးမရှိနိုင်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ စကားတခွန်းရှိပါတယ်။ ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်စေရဆိုတဲ့ စကားရှိပါတယ်။ ဒီအတွက်ကြောင့် ဒီကိစ္စတွေကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ သိစေချင်တယ်”လို့ ပြောပါတယ်။
ကော့သောင်းမြို့မှာ ရေလုပ်ငန်းကိုအဓိကထား လုပ်ကိုင်နေကြပြီး ကမ်းဝေးလှေအစီး ၂၀၀ ကျော်ရှိကာ ရေလုပ်သား ၅၀၀၀ ကျော်ရှိသလို သူတို့ကို မီခိုနေထိုင်နေတဲ့ မိသားစုတွေကလည်း အများအပြားရှိပါတယ်။
သတင်း- လတ်ကိုကိုဦး