ကချင်ပြည်နယ်၊ ကံပိုင်တည် နယ်စပ်ဂိတ်နဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်း ကူရုံး ငှက်ပျောခြင်းကွင်းမှာ ဇူလိုင် ၁၂ ရက် ည မြန်မာအချိန် ၁၀ နာရီလောက်မှာ မြန်မာယာဉ်မောင်း ၄ ဦးနဲ့ ယာဉ်နောက်လိုက် ၁ ဦး ဖမ်းဆီးခံရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
နယ်စပ် ကုန်တင်ယာဉ်မောင်းတဦးက “အားလုံး ၅ ယောက်တဲ့။ စပယ်ယာတယောက်ရော ပါသွားတယ်” လို့ ပြောပါတယ်။
တရုတ်ရဲတွေက ငှက်ပျောကွင်းထဲထိ ဆီးလာစစ်ကာ မူးယစ်ဆေးဝါးသုံးတယ်ဆိုပြီး ဖမ်းသွားတာလို့ ပြောပါတယ်။
“ကားကတော့ မဖမ်းဘူးဗျ၊ လူကတော့ ဖမ်းသွားတယ်။ တခါတည်း လက်ထိတ်ခတ် ခေါ်သွားတာ။ မြန်မာပြည်ဘက်က သုံးခဲ့တာထင်တယ်၊ တရုတ်ပြည်ဘက်က မသုံးလောက်ပါဘူး။”
ပုံမှန်တော့ တရုတ်ပြည်ထဲ စဝင်တဲ့လူဆိုရင် ထိန်ချုန်းမြို့ကိုသွားပြီးတော့ စစ်ဆေးရတာမျိုးပဲ ရှိပြီး အရင်တုန်းက ကားကွင်းထဲကို ဆေးလာစစ်တာမျိုး မရှိသလို ဖမ်းခံရတာလည်း မရှိဖူးဘူးလို့ သူကပြောပါတယ်။
ကားကူမောင်းပေးနေတဲ့ ကားသမားတဦးက “ကျနော်ကြည့်ရသလောက်တော့ သူ့ကားပေါ် ကျနော် ဘာမှမတွေ့ဘူးဗျ။ အခု ကျနော် သူ့ကား မောင်းယူလာတာပဲ။ သူ့ကားပေါ်မှာ မူးယစ်ဆေးနဲ့သုံးတဲ့၊ ဆက်စပ်တဲ့ပစ္စည်း တခုမှတော့ မတွေ့ဘူးဗျ” လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ ဖမ်းခံရတဲ့ မြန်မာကားသမားတွေအတွက် ကုမ္ပဏီတခုမှ တာဝန်ရှိသူတွေက ရဲစခန်းသွားတွေ့တာတွေ၊ စကားပြန်လုပ်တာတွေနဲ့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သူကပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံရတဲ့ ကားသမားတွေကတော့ ကုမ္ပဏီပိုင် ကားမောင်းသူတွေ မဟုတ်ဘဲ အပြင်က အုံနာပိုင် ကားသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကူရုံး ငှက်ပျောခြင်းကွင်းမှာ မြန်မာကုန်ကား အစီး ၂၀ ကျော် ရောက်ရှိနေကြောင်း ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
ကံပိုင်တည် ကုန်သွယ်ရေးစခန်းကနေ တရုတ်ဘက်ကို တစ်သျှူးငှက်ပျော အဓိကတင်ပို့ပြီး ငှက်ပျောထုပ်ပိုးပစ္စည်းနဲ့ စားသောက်ကုန်၊ တခြား လူသုံးကုန်ပစ္စည်းမျိုးစုံကို တင်သွင်းကာ အတက်အဆင်း ကုန်တွေအတွက် ငှက်ပျောတင်ယာဉ်တွေနဲ့ အဓိက တင်ပို့တင်သွင်းတာ ဖြစ်ကြောင်း ကံပိုင်တည် ကုန်သွယ်ရေးစခန်းရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။