တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ မျိုး စမ်းသပ်မှု တတိယအဆင့်ရောက်ရှိ
DVB
·
October 19, 2020
တရုတ်နိုင်ငံက တီထွင်တဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ဆေး ဖြစ်နိုင်ခြေ ဆေး ၄ မျိုးဟာ စမ်းသပ်မှု တတိယအဆင့်ကို ရောက်နေပြီဖြစ်ပြီး အရေးပေါ်သုံးဖို့ အထူးရွေးထားတဲ့ လူအုပ်စုတွေကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့ တရုတ် ဆေးဘက်ပညာရှင်တွေကို ကိုးကားပြီး အောက်တိုဘာ ၁၈ ရက်မှာ စီစီတီဗွီ သတင်းမှာ ဖော်ပြပါတယ်။
တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာ ဆေးရုံ ဆေးခန်းအဆင့် စမ်းသပ်မှု အဆင့် ၃ မှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေး ၄ မျိုးရှိနေပြီဖြစ်ကာ ၂ မျိုးကို တရုတ် အမျိုးသားဇီဝနည်းပညာအုပ်စုက ၂၀၂၀ နှစ်ကုန်မှာ အကြီးအကျယ် ထုတ်လုပ်ပြီး ဈေးကွက်တင်ဖို့ မျှော်လင့်ထားတယ်။
ဒါပေမဲ့ ကာကွယ်ဆေးထုတ်တဲ့ ဓာတ်ခွဲခန်းကနေ ထွက်လာတဲ့ ကာကွယ်ဆေး တလုံးချင်းဟာ တင်းကျပ်တဲ့ အတည်ပြုမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို မဖြစ်မနေ ဖြတ်ရမယ်လို့ စီစီတီဗွီက ပြောပါတယ်။
အခုတော့ တရုတ်နိုင်ငံက ဆေးရုံ ဆေးခန်းတွေမှာ ရှေ့တန်းကနေ အလုပ်လုပ်နေတဲ့ ဆေးဘက်လုပ်သားတွေကို သူတို့ရဲ့ စိတ်ဆန္ဒအလျောက် အရေးပေါ်သုံးစွဲမှုအနေနဲ့ ကာကွယ်ဆေး ထိုးပေးနေပြီလို့ ဆိုပါတယ်။
ကာကွယ်ဆေး အထိုးခံထားတဲ့လူတွေမှာ ပြင်းထန်တဲ့ တန်ပြန်ဆိုးကျိုး သက်ရောက်မှု မရှိသလို ကူးစက်ခံရတယ်ဆိုတဲ့ အစီရင်ခံမှု မရှိသေးဘူးလို့လည်း တရုတ် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန ဇီဝလုံခြုံရေးပညာရှင်ချုပ် ဝူကွေ့ကျန်းက ပြောပါတယ်။
တရုတ်အရှေ့ပိုင်း ရှန်တုံးပြည်နယ်က ကမ်းရိုးတန်းမြို့ ချင်းဒေါင်မှာ အောက်တိုဘာလလယ်က ပြည်တွင်းကူးစက်မှု အသစ် ၁၃ ယောက်ကို တွေ့ခဲ့ပါတယ်။